Showing posts with label BV Articles. Show all posts
Showing posts with label BV Articles. Show all posts

ဘဝ၏ အောက်ခြေမှ ထိပ်ဆုံးသို့


အသက် ၉ နှစ်အရွယ်တုန်းက ကျွန်မ အဓမ္မပြုကျင့်ခံခဲ့ရပါတယ်...
>>>Oprah Winfrey<<<
- တက္ကသိုလ်ပညာရေးကိုတောင် ကျွန်တော်ဆုံးခန်းမတိုင်ခဲ့ပါဘူး...
>>>Bill Gates<<<
- ကျွန်မသိတတ်တဲ့အရွယ်ကစပြီး အသက် ၁၈ နှစ်အရွယ် အိမ်က မထွက်လာခင်အထိ ကျွန်မအဖေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ ပြောဆိုပုတ်ခတ်မှုတွေ အနိုင်ကျင့်မှုစော်ကားမှုတွေကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်...
>>>Joyce Meyer<<<
- မူလတန်းကျောင်းသားဘဝ တစ်လျှောက်လုံး စာလိုက်နိုင်ဖို့ ကျွန်တော် ရုန်းကန်ကြိုးစားခဲ့ရပါတယ်...
>>>Dr Ben Carson<<<
- ကျွန်တော် ဘောလုံးလေ့ကျင်နိုင်ဖို့အတွက် ဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည်ဖျော်ပေးတဲ့ အလုပ်ကို မကြာခဏလုပ်ခဲ့ရဖူးပါတယ်...
>>>Lionel Messi<<<
- ကျွန်တော့်သူငယ်ချင်းရဲ့ အခန်းကြမ်းပြင်ပေါ်မှာ ကျွန်တော်အိပ်ခဲ့ရတယ်... Coke ဗူးခွံတွေပြန်သွင်းပြီး ပိုက်ဆံရှာ...စားစရာတွေ ဝယ်ခဲ့ရတယ်... ပြီးတော့ အပတ်စဉ် အလကားကျွေးတဲ့ အနီးအနားက ဘုရားကျောင်းလေးမှာ ပုံမှန် သွားစားသောက်ခဲ့ဖူးတယ်....
>>>Steve Jobs<<<
- ကျွန်တော့်ဆရာတွေက ကျွန်တော့်ကို အရှုံးသမားလို့ ခေါ်လေ့ရှိတယ်...
>>>Tony Blair<<<
- ကျွန်တော် ၂၇ နှစ်လုံးလုံး ထောင်ထဲမှာ နေခဲ့ရတာပါ....
>>>Nelson Mandela<<<
ဘဝမှာ အခက်အခဲတွေအများကြီး တွေ့ကြုံပေမဲ့ ကျွန်တော်တို့ လက်မလျှော့သင့်ပါဘူး... ဘာကြောင့်လဲဆိုတာ့ ဘဝဆိုတာ
အခုအချိန်အထိ သင်မတတ်နိုင်ခဲ့တဲ့ အရာတွေကို ကိုယ်စားပြုနေတာ မဟုတ်ဘူး.... ဘဝဆိုတာ သင်အခုအချိန်အထိ ဘာလုပ်နိုင်သေးလဲဆိုတာပေါ် မူတည်နေလို့ပါပဲ....
ဒါကြောင့်... ဘယ်တော့မှ အရှုံးမပေးပါနဲ့...
Ref: Daily Health Tips
နှိုင်းရင့်နွေ

CBC (ZBC) vs ZBCM

ချင်း နှင့် ဇိုမီး ဆိုလျှင် အမြဲလိုလို ထည့်ပြောလေ့ရှိတာက ZBC နှင့် CBC

ZBC (Zomi Baptist Convention) သည် CBC (Chin Baptist Convention) ဟု ပြောင်းလဲ ခေါ်ဆို လာကာ  ZBC နာမည်နဲ့ ဖြစ်ဖြစ် CBC နာမည်နဲ့ ဖြစ်ဖြစ် MBC (Myanmar Baptist Convention) လက်အောက်တွင်ရှိနေပါသည်။

CBC (ZBC) သည် MBC မှတစ်ဆင့် ပြည်တွင်းပြည်ပမှအစ စီမန်ခံ့ခွဲကာ အသေးအမွှားလောက်သာ ကိုယ့်ကိုယ်ကို စီမှန်နိုင်ပါသည်။
သို့သော်
ZBC မှ ဖြစ်ပွါးလာသည့် ZBCM (မြန်မာပြည်တွင်း ဇိုမီး နှစ်ခြင်းအသင်းတော်များ) သည် MBC လက်အောက်တွင်ဆက်မနေပဲ  ပြည်တွင်းပြည်ပမှအစ စီမန်ခံ့ခွဲမှုများကို ZBCM ကိုယ်တိုင်ကပဲ ဦးဆောင်နေပါသည်။

CBC မှ ဆက်သွယ်လိုသော ဥပမာ အမေရိကန်က နှစ်ခြင်းရုံးချုပ်ကို MBC မှ တစ်ဆင့် ဆက်သွယ်ရသော်လည်း ZBCM က MBC ကို လုံးဝ မလိုအပ်ပဲ ဒါရိုက် ဆက်သွယ်လို့ရ ကာ
ZBCM သည် မြန်မာအစိုးရကော အမေရိကန်က နှစ်ခြင်းရုံးချုပ်ကပါ တရားဝင် အသိမှတ်ပြုခြင်းကို ရနေတာ ဖြစ်ပါသည်။

Steps:
CBC > MBC > WBA (World Baptist Alliance)
ZBCM > WBA (World Baptist Alliance)

A church in Chin State > CBC > MBC > WBA
A church in the whole Myanmar > ZBCM > WBA

ဤကဲ့သို့ပဲ အမေရိကန်တွင်းရှိ ပြည်နယ်အသီးသီးမှ ဇိုမီး နှစ်ခြင်းအသင်းတော်များ စုစည်းကာ ZBCA (Zomi Baptist Churches of America) ဟုအမည်ပေးထားပါသည်။

ဘုရားကို လှောင်ပြောင်၊အာခံ၊သရော်ပြီး မထီမဲ.မြင်ပြုသူများ၏နိဂုံး

ဘုရားကို လှောင်ပြောင်၊အာခံ၊သရော်ပြီး မထီမဲ.မြင်ပြုသူများ၏နိဂုံး-!!
။---------------------------။----------------------------။---------------------------။

*ကမ္ဘာကျော်အဆိုတော်-John Lennon(Singer-1966): ဒီအချိန်မှာဘုရားထက် ငါတို.နာမယ်ကြီးသွားပြီ“today we are more famous than Him”ဟု ပြောပြီး မကြာခင်သူတို.အဖွဲကွဲကာ သူလည်း ကွယ်လွန်သွားပါသည်။

*သမ္မတTancredo Neves( Brazil )၊အကယ်၍ မဲ ၅သိန်းရပါက ဘုရားကတောင် ငါ.ကို မဖယ်ရှား နိုင်တော.ဘူးဟုပြောပြီး အမှန်မဲရ၍သမ္မတဖြစ်လာသော်လဲ၊ ရာထူး  လက်ခံရန် တစ်ရက်အလို သေဆုံးသွားကြောင်း သိရသည်။

*Marilyn Monroe (ကမ္ဘာကျော်မင်းသမီး)၊ Dr.BillyGrahamအား၊သူမကိုဧဝံဂေလိ တရားဝေငှရန် ဖေါ်ပြသော်လဲ သင်.ဘုရားကို ကျမအလိုမရှိဘူး'I don't need your Jesus'.ဟု ငြင်းပယ်ပြီး တပတ်အကြာ၊သူ.တိုက်ခန်းတွင် သူ.အလောင်းကိုတွေ.ခဲ.သည်။ယနေ.ထိ ဘယ်သူသတ်တယ် တိုတာ အတိကျမသိရပေ။

*Cazuza (singer)၊သီချင်းဆိုအပြီး သူသောက်သောဆေးလိပ်တိုအား လေထဲပစ်၍ (ရော.-ဘုရားသခင် ခင်ဗျားသောက်ဖို.)ဟု ပျက်ရယ်ပြုခဲ.ရာ  မကြာခင်၊သူ.အသက်၊၃၂နှစ် ကင်ဆာရောဂါဖြင်. သေဆုံးသွားသည်။

*Titanic-သင်္ဘောကြီးအား၊ဘုရားသခင်ပင်လျှင် မဖျက်စီးနိုင်ဘူး 'Not even
God can sink it' ဟု ဘုရားကို ကဲ.ရဲ.ခြင်းကြောင်. ရေထဲနစ်မြုပ်ခဲ.လေသည်။

*Campinas(2005)ဆိုသည်.မိန်းခလေးနှင်.သူငယ်ချင်းများ၊ကားဖြင်.အပြင်သွားရန် သူ.အမေဖြစ်သူက(သမီးတို.နဲ.အတူ ဘုရားသခင်ပါရှိပါစေ)ဟုနုတ်ဆက်ရာ-သူ.သမီးမှ-"ကားထဲမှာထိုင်စရာ နေရာမရှိတော.ဘူး၊ဘုရားသခင်က ပစ္စည်းထဲ.တဲ.နေရာမှာပဲလိုက်လာပါစေ”ဟု သရော်ကာပြောခဲ.အပြီးတနာရီအကြာတွင် ကားတိုက်
မှု ဖြစ်၍ အားလုံးသေဆုံးသွားသည်။မှုခင်းရဲ၏အဆိုအရပစ္စည်းထဲ.စရာအခန်းရှိ  စားစရာများ ပျက်စီးခြင်းမရှိ၊ ကြက်ဥတလုံးတောင်မကွဲကြောင်းသိရသည်။
(မြောက်များစွာသောသက်သေထဲမှ သင်ခန်းစာယူနိုင်ဖို. အနည်းငယ်သာ
ဖေါ်ပြခြင်းပါသည်၊ခရစ်တော်ကို အာမခံမိဖို.၊မထီမဲ.မြင်မပြုမိဖို.လိုပါတယ်)။

**ဂလာတိ၊၆း၇ အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။လူသည်မျိုးစေ့ကြဲသည်အတိုင်းအသီးအနှံကို ရိတ်ရလိမ့်မည်**

သို့သော် ကျေးဇူးတော်ကို ယုံကြည်လက်ခံကာ နှုတ်နဲ့ဝန်ခံသောသူ အတွက် အပြစ်မှလွတ်ခြင်း၊ အဆိုးမှ ကယ်နုတ်ခြင်းကို ရ၏။

ရိုးသားခြင်းနဲ့ ချင်းတို့ပြည်

“ ရိုးသားခြင်းနဲ့ ချင်းတို့ပြည် . . . ”
-----------------------------------------
ဦးဟန်ကြည်တို့ ပါမိုင်းကိုရောက်ပြီး ဘာအလုပ်မှ မစနိုင်သေးတဲ့အချိန်၊ ရွာသူရွာသားတွေကလည်း မရမ်နယ်တစ်နယ်လုံးမှာ ကားလမ်းစပေါက်တဲ့ သူရို့ရွာရဲ့ ကားလမ်းဖွင့်ပွဲအတွက် အင်တိုက်အားတိုက် လုံးပမ်းနေကြချိန်၊ ယဉ်ကျေးမှုခြင်း ရေချိန်ညှိမရသေးတဲ့ အနှီသုံးလေးရက်အတွင်းမှာ လင်မယားနှစ်ယောက်စလုံး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် အတော်လေးကို ယောင်ချာချာဖြစ်ခဲ့ရပါရဲ့။
ကုသရေးကလည်း အရှိန်မရ၊ သင်ကြားရေးကလည်း လုပ်ငန်းမစနိုင်သေးတဲ့ အနှီအချိန်အတွင်းက တစ်ညနေခင်းမှာ နှစ်ယောက်သား စိတ်လေလေနဲ့ ရွာစွန်က လမ်းကလေးအတိုင်း ရောက်ရာပေါက်ရာ လျှောက်သွားဖြစ်ပါလေရော။ ရွာအတွက် ဖွံ့ဖြိုးရေးတွေ ဘယ်ကစလို့ ဘယ်လိုလုပ်ပေးရမယ်ဆိုတာကို ကြက်ဥအစရှာသလို တိုင်ပင်ကြရင်း စကားတပြောပြောနဲ့ လျှောက်နေတဲ့ ဦးဟန်ကြည်တို့ရှေ့မှာတော့ ရွာခံကလေး ဘုစုခရုတသိုက်က လေးခွတစ်ယောက်တစ်လက်စီနဲ့ လက်တည့်စမ်းနေကြတာ ဖြိုးခနဲဖြောင်းခနဲ။
ကလေးတွေရဲ့ လေးခွလေးငါးလက်က ထွက်လာတဲ့ လောက်စာလုံးတွေ ကိုယ့်ခေါင်းပေါ်ကျလာမှာစိုးလို့ အပေါ်ကိုမော့ကြည့်မော့ကြည့်လုပ်ရင်း လျှောက်လာတဲ့ ဦးဟန်ကြည်ရဲ့ မျက်လုံးအစုံက လမ်းဘေးဘယ်ညာကို ပြန်ကြည့်လိုက်မိတဲ့အခါမှာ အမြင်အာရုံထဲကို တန်းခနဲဝင်လာတာက တောလမ်းကလေးဘေးမှာ တုတ်နဲ့ထိုးပြီး စိုက်ထားတဲ့ တစ်ထောင်တန် အခေါက်ကလေးတစ်ခေါက်။
ရွာရောက်တာ သိပ်မကြာသေးတာမို့ ရွာသားတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေအကြောင်းကို ဂဃနဏမသိသေးတဲ့ ဦးဟန်ကြည်ရဲ့ အတွေးထဲမှာတော့ အနှီပိုက်ဆံခေါက်ကလေးက တောစောင့်နတ် တောင်စောင့်နတ်တွေကို ပူဇော်ထားတဲ့ ပိုက်ဆံကလေးလို့ ယူဆမိပေသပေါ့လေ။ သို့ပေမင့် ဦးဟန်ကြည့်စိတ်ထဲမှာ တအံ့တသြဖြစ်သွားတာက ဦးဟန်ကြည်တို့ရှေ့မှာ လေးခွတစ်လက်စီနဲ့ လက်တည့်စမ်းနေကြတဲ့ ကလေးတသိုက်က အနှီလောက် ထင်းထင်းကြီးမြင်သာနေတဲ့ ပိုက်ဆံကို ရှိတယ်လို့တောင် သဘောမထားဘဲ တဟေးဟေးတဟားဟားနဲ့ ရယ်ကြမောကြရင်း ငှက်ပစ်မပျက်တဲ့အချက်။ ပိုက်ဆံကို လက်ဖျားနဲ့တောင် တို့မသွားတဲ့အချက်။
သို့ပေမင့် ဘာမဆို ခပ်ဖော့ဖော့တွေးတတ်တဲ့ ဦးဟန်ကြည်ကတော့ “ သည်ကလေးတွေ နတ်ကိုင်မှာကြောက်လို့ ပိုက်ဆံကို လက်ဖျားနဲ့တောင် မထိကြတာကိုး... ” လို့ ယူဆပြီး လေးခွသမား ကလေးတစ်ယောက်ကိုလှမ်းခေါ်၊ ပိုက်ဆံနားမှာအရပ်ခိုင်း၊ ဓာတ်ပုံတစ်ချက် အသာရိုက်ယူပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ပါလေရော။
ညပိုင်းလူနာကြည့်ချိန်ရောက်လို့ “ နေခယ်ပေါ ” လက်ထဲမှာ အနှီပိုက်ဆံကလေးကို တုတ်ကလေးတန်းလန်းနဲ့ ပြန်မြင်လိုက်ရတော့ စပ်စပ်စုစုနိုင်တဲ့ ဦးဟန်ကြည်က “ ဒါလေးက ဘာလုပ်တာလဲ ” လို့ မေးမိပေသပေါ့လေ။ ဦးဟန်ကြည့်စိတ်ထဲမှာတော့ အနှီပိုက်ဆံကလေးနဲ့ စပ်လျဉ်းပြီး သူရို့မရမ်တွေရဲ့ ရိုးရာယုံကြည်မှုတွေအကြောင်း သိရလိမ့်မယ်လို့ တွေးနေမိသကိုး။ သို့ပေမင့် “ မနက်က ကျွန်တော်တောင်ယာသွားတော့ လမ်းမှာ ပိုက်ဆံတစ်ရွက်ကျနေတာတွေ့လို့ သူ့ပိုင်ရှင်အလွယ်တကူမြင်ရအောင် လမ်းဘေးမှာ ထားပေးခဲ့တာ...အခု ပိုင်ရှင်မတွေ့လို့ ပြန်ယူလာတာလေ... ” ဆိုတဲ့အဖြေကိုရတော့ အထင်နဲ့အမြင် ပါစင်အောင် လွဲနေတဲ့အပြင်၊ ကိုယ်ဘယ်လိုမှ ထင်မထားတဲ့ အဖြေမျိုးဖြစ်နေတော့ ဦးဟန်ကြည်ခမျာ တအံ့တသြတွေကိုဖြစ်လို့။ ကိုယ့်ပစ္စည်းမဟုတ်တဲ့ ပိုက်ဆံကို လက်ဖျားနဲ့တောင် ယောင်လို့တို့မသွားကြတဲ့ လေးခွသမား ကလေးဘုစုခရုလေးတွေကိုလည်း မျက်စိထဲမှာ ပြန်မြင်ယောင်လာပါရောလား...။
“ သည်ပိုက်ဆံကို ဘာလုပ်မတုန်း ” လို့ ဆက်မေးကြည့်လိုက်တော့ “ သည်ည ဘုရားကျောင်းသွားရင် ရွာသားတွေအားလုံးရှေ့မှာ ဘယ်သူ့ပိုက်ဆံလဲလို့မေးမယ်လေ...သူ့ပိုင်ရှင်ဆိုရင် လာယူမှာပေါ့...တကယ်လို့ ပိုင်ရှင်မတွေ့ရင်တော့ ဘုရားကျောင်းကို လှူထားခဲ့မယ်... ” လို့ ဖြေပါလေရော။ နေခယ်ပေါရဲ့ အဖြေကို ကြားတဲ့ဦးဟန်ကြည့်မှာ ကောက်ရတဲ့ပစ္စည်းတွေအပေါ်ထားတဲ့ ကိုယ့်လူမျိုးတွေရဲ့ သဘောထားကို ထင်းထင်းကြီးပေါ်နေတဲ့ “ ရေအဆုံး ကုန်းတ၀က် ” ဆိုတာကြီးကို သတိရသွားပြီး ရှက်လိုက်တာမှ လွန်ပါရော။ မရှက်တမ်း ၀န်ခံရရင် ဦးဟန်ကြည်တို့လို အသိပညာ အတတ်ပညာ အထိုက်အလျောက် ပြည့်စုံပါတယ်ဆိုတဲ့ လူတွေတောင်မှ လူမသိသူမသိ ကောက်ရရင် အိပ်ထဲထည့်ပစ်လိုက်တာက ခပ်များများ။
ဟော...သူရို့ချင်းတွေမှာကျတော့ အနှီလို မဟုတ်ဘဲကိုး။ အသက်အရွယ်ရပြီးသား လူကြီးတွေက သူများကျကျန်ခဲ့တဲ့ ပစ္စည်းကို မကောက်ဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပေမင့် အသိပညာ မပြည့်စုံသေးတဲ့ ကလေးပေါက်စကတောင်မှ ကိုယ့်ပစ္စည်းမဟုတ်ရင် မယူဘူးဆိုတာ တကယ့်အံ့တစ်ပါး။ ငွေပေါပါတယ်ဆိုတဲ့ ဗမာပြည်မကြီးက မြို့ကြီးပြကြီးမှာတောင် ပစ္စည်းတစ်ခု ပိုက်ဆံတစ်ရွက် ကျကျန်ခဲ့ရင် ပြန်ရဖို့ဆိုတာ ဖြစ်တန်စွမ်း အတော့်ကို နည်းပေမင့် တစ်နေကုန် တစ်နေခမ်း တောင်ယာအလုပ်ကို တပင်တပန်းလုပ်ရသလောက် ငွေကြေးရှားပါးတဲ့ ချင်းတောင်တန်းက တောသားကလေးတွေကတောင် ထင်မှတ်မထားတဲ့ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံနေတာ အံ့လည်းအံ့သြ၊ ယဉ်ကျေးလှပါတယ်ဆိုတဲ့ ဦးဟန်ကြည်အပါအ၀င် မြို့သားလူရည်မွန်တွေအကြောင်းတွေးမိပြီး ရှက်ကလည်းရှက်၊ သည်လောက် စာရိတ္တကောင်းတဲ့ နယ်မြေမှာ ဖွံ့ဖြိုးရေးလာလုပ်မိတာ မှန်လိုက်လေခြင်း၊ တန်လိုက်လေခြင်းဆိုတဲ့အတွေးနဲ့ ပီတိတွေလည်းဖြစ်၊ တဒင်္ဂအခိုက်အတန့်ကလေးမှာ ခံစားချက်ပေါင်းများစွာနဲ့ ဘာပြောရမှန်းမသိအောင်ကို ဖြစ်လို့။
ရွာခံသင်းထောက်ဆရာကို အနှီပိုက်ဆံအကြောင်း နောက်တစ်ရက်မှာ စကားစကြည့်တော့ “ ဟုတ်တယ်ဆရာ...ပိုင်ရှင်မတွေ့လို့ ရံပုံငွေထဲ ထည့်လိုက်တယ် ” လို့ အဖြေပေးပြီး စာရင်းစာအုပ် လှန်ပြတော့ ပိုင်ရှင်မဲ့အလှူငွေ တစ်ထောင်ကျပ်ဆိုတဲ့ စာရင်းကလေးက နေ့စွဲနဲ့တကွ အတိအကျ။
ဦးဟန်ကြည် ပါမိုင်းမှာ အခြေစိုက်နေတဲ့ တစ်လတာအတွင်းမှာ အားဆေးပုလင်းတစ်လုံး လမ်းမှာ ကောက်ရလာရင်လည်း “ ဒီဆေးပုလင်းက ဆရာ့ဆေးပုလင်းလားဆရာ ” လို့ လာလာမေးကြတာ သူရို့ထုံးစံ။ ဒါတင်ဘယ်ကလိမ့်တုန်း။ ဦးဟန်ကြည်တို့ စခိုင်းလမ်းအတိုင်း အတော်ဝေးဝေး လမ်းလျှောက်တုန်းက လမ်းဘေးမှာ သည်အတိုင်းရပ်ထားတာ တွေ့ခဲ့ရတဲ့ ဆိုင်ကယ်တစ်စီးကလည်း နောက်ထပ် လေးငါးရက်ကြာလို့ သည်လမ်းကို ထပ်ရောက်တဲ့ အချိန်အထိ ဘယ်သူကမှ လက်ဖျားနဲ့ မတို့မထိဘဲ သည်အတိုင်း။ မြို့ကိုပို့ပြီး ရောင်းဖို့အတွက် တောထဲကနေ တပင်တပန်းသယ်လာပြီး လမ်းဘေးမှာ ပုံထားကြတဲ့ ထင်းတွေကလည်း သူ့ပိုင်ရှင်လာမယူမချင်း တစ်လကိုးသီတင်း သည်အတိုင်း။
Civilized ဖြစ်လှပါတယ် လူယဉ်ကျေးတွေ စာတတ်ပုဂ္ဂိုလ်တွေပေါလှပါတယ်၊ ဘာသာရေး တရားပွဲတွေ ခြိမ့်ခြိမ့်သည်း စည်ကားလှပါတယ်၊ အလှူရေစက် လက်နဲ့မကွာအောင် လှူကြတန်းကြပါတယ်ဆိုတဲ့ မြို့ပြတွေမှာ ညရေးညတာ သူခိုးကပ်မှာပူရ၊ ဟိုနားသည်နား ခရီးသွားရင် ဓားပြတိုက်ခံရမှာကြောက်ရနဲ့ စိတ်လုံခြုံမှု အပြည့်အ၀မရခဲ့တဲ့ ဦးဟန်ကြည်တို့မှာ ယဉ်ကျေးမှုမဖွံ့ဖြိုးဘူး၊ လူနေမှုအဆင့်အတန်း နိမ့်ကျတယ်၊ ဆင်းရဲနုံချာတယ်၊ ပညာတတ်နည်းတယ်လို့ မြို့ကြီးသားများ သတ်မှတ်ထားကြတဲ့ ချင်းပြည်နယ်က တောကြိုအုံကြားမှာ ပစ္စည်းအတွက်လည်း မပူရ၊ အသက်အတွက်လည်း မကြောင့်ကြရဘဲ စိတ်ရောကိုယ်ပါ ချမ်းသာလိုက်သမှ တကယ့်သုခဘုံကို ရောက်နေသလိုမျိုး။
ဦးဟန်ကြည်နဲ့ ရွာခံမရမ်တွေ စကားစပ်မိကြတိုင်းမှာ “ ကျွန်တော်တို့ရွာက ဆင်းရဲပါတယ်ဆရာရယ်...ဘာမှလည်းမရှိဘူး...သည်လိုဒေသမျိုးမှာ ဆရာတို့ လာနေပြီး လုပ်ကိုင်ပေးနေတာ အားနာပါတယ်... ” လို့ သူရို့ပါးစပ်ကထွက်တိုင်း ဦးဟန်ကြည်က -
“ ခင်ဗျားတို့ မရမ်ရွာတွေက မဆင်းရဲကြပါဘူးဗျာ...သည်ကနေ့ခေတ်မှာ အရှားပါးဆုံး၊ အဖိုးအတန်ဆုံးဖြစ်တဲ့ ကိုယ်ကျင့်တရားနဲ့ လူမှန်းသိကတည်းက ပြည့်စုံနေကြတဲ့ ခင်ဗျားတို့ဒေသဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးဒေသပါ... ”
- လို့ လှိုက်လှိုက်လှဲလှဲ ပြန်ပြောဖြစ်ပါရဲ့။
တကယ်တမ်းပြောရမယ်ဆိုရင်လည်း ရိုးသားခြင်းရတနာဆိုတာ အဖိုးအနဂ္ဃထိုက်တယ် မဟုတ်လား... ။ သည်တော့ ရိုးသားခြင်းတွေနဲ့ ထုံမွှမ်းထားတဲ့ ချင်းတို့နယ်မြေဆိုတာလည်း လူမှုတန်ဖိုး အမြင့်မားဆုံးကို ပိုင်ဆိုင်ထားကြတဲ့ နယ်မြေတစ်ခုပဲပေါ့လေ . . . ။ ။
( ဟန်ကြည် )
၂၂.၅.၂၀၁၅ ( သောကြာနေ့ )

ရိဒ်ခေါရ်ဒါသို့ သွားရာလမ်း

ရိဒ်ခေါရ်ဒါမြို့နယ်ခွဲဆိုတာ ချင်းပြည်နယ်ထဲက မြို့တစ်မြို့ဖြစ်ပြီးတော့ မြန်မာ-အိန္ဒိယ နယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေးလုပ်တဲ့ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။
ဒီမြို့လေးကို နယ်စပ်ကုန်သွယ်ရေးကြောင့် လူသိများတာထက် မြို့ရဲ့အထက်ဘက်မှာရှိတဲ့ အသည်းနှလုံးပုံ ရိဒ်ရေကန်ကြောင့် လူသိပိုများတာပါ။ ရိဒ်ခေါရ်ဒါကို သွားမယ်ဆိုရင်တော့ စစ်ကိုင်းတိုင်း ကလေးမြို့ကနေပြီးတော့ ချင်းပြည်နယ် တီးတိန်မြို့ကတစ်ဆင့် သွားလို့ရသလို ချင်းပြည်နယ် ဖလမ်းမြို့ကလည်း သွားလို့ရပါတယ်။


ကျွန်တော်ကတော့ ကလေးမြို့ကနေ တီးတိန်မြို့ကိုဖြတ်ပြီး ရိဒ်ခေါရ်ဒါကို သွားခဲ့ပါတယ်။ လမ်းအကြောင်း ပြောရမယ်ဆိုရင် ကလေးမြို့ကနေ သိုင်းငင်းအထိ လမ်းကောင်းတယ်။ တစ်ခုပဲ ပြောစရာရှိတယ်။ သိုင်းငင်းကျေးရွာ အနီး ၂၇ မိုင်မှာတော့ တောင်ပြိုနေတာ ရှိတယ်။ မိုးရာသီဆိုရင်လည်း အဲဒီနေရာတစ်ခုပဲ လမ်းပိတ်တတ်တယ်။ နောက်တစ်ခုက သိုင်းငင်းကလွန်လာတော့ ကနေဒီတောင်ခြေကတစ်ဆင့် တီးတိန်အထိ လမ်းက သိပ်အကောင်းကြီး မဟုတ်ဘူး။ ဒီဘက်ကလမ်းတွေကို ဘာကြောင့် မပြင်တာလဲ ဆိုတာကို စဉ်းစားရကျပ်နေတယ်။
တီးတိန်မြို့က ထွက်လာတော့ ညနေ ၅ နာရီ ရှိပါပြီ။ တီးတိန်ကနေ ရိဒ်ခေါရ်ဒါမြို့နယ်ကို ၃၂ မိုင် ၃ ဖာလုံသာ ဝေးပါတယ်။ မြေပြန့်ကလူတွေ စဉ်းစားမယ်ဆိုရင်တော့ ဒီခရီးက မိနစ် ၃၀၊ ၄၅ မိနစ်လောက်ပဲ ကြာမယ်လို့ ခန့်မှန်းကြမှာလေ။ ဒါပေမဲ့ ဒီဘက်နယ်က ကားသမားတွေအတွက်တော့ ဒီလမ်းဒီခရီးကို တစ်လကိုးသီတင်း သွားခဲ့ဖူးတာတွေ ရှိခဲ့တာပေါ့။

အခုလည်း သူတို့က ဆိုင်ကယ်မောင်းချိန် ခန့်မှန်းပေးလိုက်တာ ၄၊ ၅ နာရီလောက်တော့ မောင်းရမယ်တဲ့။ ကျွန်တော်ကတော့ လမ်းအခြေအနေအရ ဒီထက်မပိုပါစေနဲ့လို့ ဆုတောင်းရင်း ဆိုင်ကယ်နှစ်စီး လူသုံးယောက် ခရီးထွက်ခဲ့ပါတယ်။ တီးတိန်ကနေ လန်ဇန်ရွာအထိတော့ တောက်လျှောက်အဆင်းခရီး ဆိုပေမယ့် လမ်းကတော်တော် ကောင်းပါတယ်။
လန်ဇန်ကို ကျော်လာတော့ လမ်းက တော်တော်ဆိုးလာပါပြီ။ ချိုင့်တွေ ကျင်းတွေ ရှောင်ဖို့ ခက်ခဲလာပြီး အကွေ့အဆင်းတွေကလည်း မတ်စောက်လာပါတယ်။ ဒီအဆင်းက မံဆောင်းတံတားအထိ ဆင်းရမှာပါ။ မံဆောင်းတံတား ဆိုတာက မဏိပူရ်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားတစ်စင်းပါ။ အကွေ့အဆင်း တစ်ခုမှာပဲ ကျွန်တော့်နောက်က ဆင်းလာတဲ့ အဖော်က လက်ကိုင်ခေါက်ပြီး ဆိုင်ကယ်လဲပါတော့တယ်။ ဆိုင်ကယ်လဲပြီး လူကဆက်လဲပြီးတော့ ကုန်းဆင်းကြီးဆိုတော့ တစ်ပတ်ပါ လိမ့်ထွက်သွားပါသေးတယ်။ အင်းလေ... သူက ချင်းတောင်မှာ ဆိုင်ကယ်စီးတဲ့ အတွေ့အကြုံမှ မရှိတာပဲ။ အဆင်းကြီး ဖြစ်နေတော့ ကျွန်တော်လည်း ဆိုင်ကယ်ရပ်ဖို့အတွက် အတော်ခက်ခဲပါတယ်။ အတက်ကားတစ်စီးလာတော့ ကျွန်တော်က လမ်းပြန့်သည်အထိဆင်းပြီး ဆိုင်ကယ်ကို ဒေါက်ထောက်ရပါတယ်။ အဲဒီအချိန်မှာတော့ သူတို့လည်း သူတို့ဘာသာသူတို့ ဆိုင်ကယ်ကို ထောင်ပြီးသွားပါတယ်။ နှစ်ယောက်စီးတာဖြစ်ပြီး နောက်ကတစ်ယောက်က ဘာမှမဖြစ်ပါဘူး။ ရှေ့က လိမ့်ထွက်သွားတဲ့ သူကတော့ ဒူးပြဲသွားတာ တော်တော်နက်တယ်။ ဒီလောက်ပဲ ဖြစ်တာဆိုတော့ တော်သေးတာပေါ့လို့ စိတ်ဖြေရပါတယ်။
အဲဒီအချိန်မှာ ဆိုင်ကယ်နှစ်စီး အရှိန်နဲ့တက်လာပြီး အတက်ကြီးမှာပဲ ရှေ့ကဆိုင်ကယ်က ချိန်းကြိုးပြတ်သွားပါတယ်။ နောက်ကဆိုင်ကယ်က တိုက်မိမလိုဖြစ်ပြီး နှစ်စီးစလုံး ရပ်သွားတယ်။ မတိုက်မိတာ ကံကောင်းတာပေါ့။ ရှေ့က ချိန်းကြိုးပြတ်တဲ့ ဆိုင်ကယ်ကို အပေါ်ကို တွန်းတင်ပေးပြီး ကျွန်တော်တို့လည်း ဆက်ထွက်ခဲ့ပါတယ်။

အဖော်ဆိုင်ကယ်က လူပြောင်းစီးပါတယ်။ သိပ်မကြာခင်မှာဘဲ ကျွန်တော်တို့ မံဆောင်းတံတားကို ရောက်ပါတယ်။ တံတားမှာ ဆိုင်ကယ်တွေကို ရေနဲ့ပက်တယ်။ အဆင်းခရီးဆိုရင် ဘရိတ်ရှူးတွေက ပူနေပါတယ်။ အင်ဂျင်က အလုပ်မှ မလုပ်ရတာကိုး။ အတက်ခရီးဆိုရင်တော့ အင်ဂျင်က တော်တော်ပူပါတယ်။
ဆိုင်ကယ်ကို အနားပေးပြီးတော့ အတက်ခရီးကို ဆက်ခဲ့ပါတယ်။ မံဆောင်းတံတားခရီးက အတက် ခုနစ်မိုင်၊ အဆင်း ခုနစ်မိုင်တဲ့။ မံဆောင်းတံတားကို စတက်လိုက်တာနဲ့ လမ်းတွေက ဆိုးလှသလို အကွေ့အကောက်နဲ့ အတက်အဆင်းတွေက ကြီးမားလှပါတယ်။ ကျွန်တော့်ရဲ့နောက်က ပေါင် ၂၀၀ လောက်ရှိတဲ့သူကို တင်ထားရတော့ သူက ကိုယ့်အားနာသလို ကိုယ်ကလည်း ဆိုင်ကယ်ကို တော်တော်ထိန်းသိမ်း စီးရပါတယ်။ ဟိုးအရင်တစ်ခေါက်က မံဆောင်းအတက်ခရီးကို မတက်နိုင်လို့ ပြန်ဆင်းခဲ့ရတဲ့ ဂျစ်ကားနဲ့ လူတစ်စုကို သတိရမိပါသေးတယ်။
လမ်းတွေက ရွေးစရာ မရှိ။ ကျောက်ခဲပြုတ် ကြီးကြီးတွေပေါ်မှာ ဆိုင်ကယ်မလဲအောင် ဂရုစိုက်ရသလို လမ်းရဲ့ အကောင်းဆုံးဆိုတဲ့ နေရာကိုလည်း လျင်လျင်မြန်မြန် ဆုံးဖြတ်ရွေးချယ်ရင်း ဆိုင်ကယ်လီဗာကိုလည်း လျှော့မရ၊ ဆိုင်ကယ်ဂီယာကလည်း နံပါတ် ၁ နဲ့ ၂ ကို တစ်လှည့်စီ ချိန်းမောင်းရင်းပေါ့။

ကျောက်ပြုတ်တောရဲ့အကွေ့တစ်ကွေ့ကို ကျော်လိုက်တော့ ကားတွေ၊ ဆိုင်ကယ်တွေ ရေဖြည့်တဲ့နေရာကို ရောက်ပါတယ်။ အဲဒီနေရာမှာ ဆိုင်းဘုတ်လေးတစ်ခုက စိတ်ဝင်စားစရာ။
“ကား = ၅၀၀ ကျပ်၊ ဆိုင်ကယ် =၂၀၀ ကျပ်၊ မပေးချင်လျှင် ရေမဆေးပါနဲ့” တဲ့။
သူ့ခမျာလည်း ဒီလိုတောင်ပေါ်ကို ရေရအောင် တော်တော်သွယ်ထားရတယ် ထင်ပါတယ်။ အဲဒီနေရာရောက်တော့ ပူကျက်ပြီး ညှော်နံ့တထောင်းထောင်းထနေတဲ့ ဆိုင်ကယ်ကို ရေပက်ပြီး အအေးခံရပါတယ်။ ဒီလိုသာ ရေပက်စရာ မရှိဘူးဆိုရင်လည်း ရှေ့ဆက်ဖို့ မလွယ်လောက်ဘူးလေ။ ဆိုင်ကယ်အေးတော့မှ ကျွန်တော်တို့လည်း လမ်းကြမ်းကြမ်းပေါ်မှာ ခရီးဆက်ခဲ့ရတာပေါ့။
တချို့ ဆိုင်ကယ်စီးတဲ့လမ်းတွေက ချောက်ကမ်းပါးနဲ့ နံဘေး ဆိုင်ကယ်တစ်ဘီးစာလောက် ရှိတဲ့နေရာလေ။ တစ်ယောက်တည်းဆိုရင် ကျွန်တော်စီးရဲပေမယ့် နောက်က၀ိတ်ပါတော့ ကျွန်တော် အဲဒီလမ်းကို မစီးရဲ။ နောက်ကထိုင်လိုက်တဲ့သူကို နှစ်ခါလောက် လမ်းလျှောက်ခိုင်းရပါတယ်။ နေ၀င်သွားပေမယ့် အလင်းရောင်လေးကျန်တဲ့ အချိန်မှာ လွိုက်တွီးကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ အဲဒီရွာမှာ ကျွန်တော်တို့ ခဏနားရပါတယ်။

ရှေ့ဆက်ရမယ့်ခရီးက ညနက်တော့မယ်ဆိုတော့ လက်နှိပ်ဓာတ်မီးကို အလွယ်တကူဖြစ်အောင်၊ သောက်စရာရေပါအောင်၊ စားစရာမုန့်ပါအောင် ၀ယ်ကြရပါတယ်။ လွိုက်တီးကျေးရွာက ဒီဘက်လမ်းမှာတော့ တော်တော်ကြီးတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အမျိုးသားစာပေဆုရ စာရေးဆရာကြီးတစ်ဦး ဒီရွာမှာ ကျောင်းအုပ်အဖြစ် နေထိုင်ဖူးတယ်လို့ သိရပါတယ်။ ဒီရွာမှာ နေချင်ပေမယ့် ကျွန်တော်တို့ကို အချိန်က ခွင့်မပြုတော့ပါဘူး။
လွိုက်တွီးကျေးရွာက အထွက်မှာတော့ လမ်းက ကောင်းနေပါတယ်။ ဒါပေမဲ့ အချိန်သိပ်မကြာပါဘူး ဗွက်တွေ ရွှံ့တွေ ကျောက်ကြမ်းလမ်းတွေ ပြန်တွေ့ရတာပါပဲ။ ချင်းပြည်နယ်ကို နယ်စပ်ကုန်သွယ်ရေးကနေ ၀င်ငွေတွေ ရှာဖွေပေးတဲ့ ဒီလမ်းကို အစိုးရက ဘာကြောင့်ကောင်းအောင် မပြင်တာလဲဆိုတာ စဉ်းစားစရာ တစ်ခုပေါ့။ ညအမှောင်က တဖြည်းဖြည်း ကြီးစိုးလာတော့ ဆိုင်ကယ်ကို ပိုပြီး ဂရုစိုက်စီးရပါတယ်။ လမ်းမှာရှိတဲ့ မိတ္ထီလာ၊ လင်တန်၊ ငှက်ပျောတောဆိုတဲ့ နေရာတွေကို ခန့်မှန်းလောက်သာ ကျန်ခဲ့ပါတယ်။ အပြန်ခရီးမှာတော့ အိမ်သုံးအိမ်လောက်သာ ကျန်တော့တဲ့ လင်တန်ရွာကို ၀င်ခဲ့ပါသေးတယ်။ ဒီမှာရှိတဲ့ လူတွေက ပြောင်းရွှေ့ကုန်တာလို့ သိရပြီး ငှက်ပျောတောနဲ့ မိတ္ထီလာဆိုရင် အိမ်မရှိတော့ပါဘူး။ ကားတွေ အဓိက ရပ်နားမှသာ သူတို့စီးပွားရေးက ကောင်းမွန်တာဖြစ်ပြီး တောင်ယာစိုက်ပျိုးရုံနဲ့တော့ စားဝတ်နေရေးတောင် သိပ်အဆင်မပြေဘူးလို့ သိရပါတယ်။ လမ်းမကောင်းလို့ ချောက်ထဲကျသွားမှာ ဆိုင်ကယ်လဲမှာကလွဲရင် တခြား သူခိုး၊ ဓားပြ အန္တရာယ် လုံးဝမရှိတဲ့ ချင်းတောင်ပါ။ ဘယ်နေရာမှာအိပ်အိပ် အေးတာကလွဲရင် ပါလာတဲ့ပစ္စည်း ပျောက်မှာတို့ လူအန္တရာယ်ပြုမှာတို့ လုံးဝမစိုးရိမ်ရတဲ့ ချင်းတောင်လမ်းတွေပေါ့။

ကျွန်တော်တို့လည်း ငှက်ပျောတောက ဗွက်တန်းကြီးကို ဘယ်လိုဖြတ်ခဲ့မှန်းမသိ ဖြတ်ခဲ့ပြီး လမ်းမှာ ကားတစ်စီးတွေ့လို့ မေးကြည့်တော့ “ခင်ဗျားတို့ ဖြတ်လာတဲ့ ဗွက်တန်းကြီးက ငှက်ပျောတောပါ” တဲ့။ အပြန်ခရီးကျမှ သေသေချာချာ ကြည့်လိုက်တော့ လမ်းကခပ်ကျင်းကျင်း ဗွက်ကြီးနဲ့ မြေကအငှားတွေ။ အဲဒီနေရာမှာ ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဗွက်ထဲ လဲသွားပါသေးတယ်။ ကံကောင်းလို့ ချောက်ထဲ လူကျမသွားတာပါ။ ကိုယ့်မျက်စိရှေ့မှာ တွေ့လိုက်ရုံသာမက အဲဒီဗွက်တွေထဲမှာ ကျွန်တော်ရဲ့ ခရီးဖော်က ဆိုင်ကယ်လဲခဲ့ပါသေးတယ်။ အရှိန်မများဘဲလဲလို့သာ ဘာမှမဖြစ်တာပါ။ ကလေးမြို့နဲ့ ရိဒ်ခေါရ်ဒါကို ပြေးဆွဲတဲ့ ဟိုင်မွန်ဂျစ်ကားတွေ ပြေးဆွဲကြတာ များပါတယ်။ ကုန်တင် လူတင်ပေါ့၊ တချို့ကလည်း ကုန်ပဲတင်ကြတယ်။
အဲဒီခရီးကို သွားကြတဲ့ ဟိုင်မွန်ဂျစ်ကားသမားတွေတိုင်း အဲဒီလမ်းက တစ်နေရာရာမှာ ကားမလဲဖူး၊ ကားမမှောက်ဖူး၊ ကား ချောက်ထဲ မကျဖူးတဲ့သူ မရှိပါဘူး။ တကယ်လို့ အဲလို တစ်ခုခုဖြစ်ပြီးသွားတယ်ဆိုရင် တာဝန်ကျေသွားပြီလို့ ပြောလေ့ရှိကြပါတယ်။ အခု ကျွန်တော်တို့က ဆိုင်ကယ်နှစ်ခါတောင် လဲခဲ့တော့ တာဝန်ကျေခဲ့တာပေါ့လေ။
ဟိုင်မွာလ်ရွာဟောင်းကိုရောက်တော့ တော်တော် လမ်းခရီးဘယ်လောက်လိုသလဲ မေးကြည့်ရပါတယ်။ မိုင်အရေအတွက်အားဖြင့် ရိဒ်ခေါရ်ဒါမြို့ကို ငါးမိုင်သာ ဝေးတော့ပါတယ်။ ဒါပေမဲ့ အတက်အဆင်းရယ် ခရီးကြမ်းတာရယ်ကြောင့် ကျွန်တော်တို့ သွားရမယ့် ခရီးက ရှည်လျားလွန်းတယ်လို့ ခံစားမိပါတယ်။ သွာဖူးရောက်ဖူးတဲ့ ခရီးဖော်ကို လမ်းမှားမယ်လို့တောင် ပြောမိပါတယ်။ သူက ရှေ့က ဆက်မောင်းရင်း တံတားလေးတစ်ခုကို ချိုးကွေ့တက်လိုက်ရင်း ရိဒ်ခေါရ်ဒါမြို့မှ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကို ဆိုင်ကယ်မီးနဲ့ ထိုးပြမှာသာ စိတ်သက်သာရာ ရသွားပါတယ်။

ဆိုင်းဘုတ်ကနေ မြို့ထဲမောင်းရတာကို ကြာလွန်းတယ်လို့ စိတ်ထဲထင်မိပါတယ်။ လမ်းကကြမ်း၊ လူကပန်းဆိုတော့ ပိုဆိုးတာပေါ့ ။ မီးရောင်အချို့ကို မြင်ရတော့ အားတက်မိပါတယ်။ တကယ်တော့ အဲဒီမီးဝင်းဝင်းတွေက ရိဒ်ခေါရ်ဒါရဲ့ တစ်ဖက်ကမ်းက အိန္ဒိယနိုင်ငံထဲက ဇိုခွါးထာရွာ ဖြစ်မယ်ဆိုတာ ကြိုတွက်ထားပါတယ်။ မြို့ထဲရောက်တော့ ည ၉ နာရီကျော်နေပါပြီ။
မြို့ထဲမှာတွေ့တဲ့ လူတစ်ယောက်စ နှစ်ယောက်စကိုမေးမြန်းရင်း တည်းခိုဖို့ ရှာဖွေခဲ့ရပါတယ်။ အိန္ဒိယဘက်ကမ်းက မီးရောင်တ၀င်းဝင်းကို မျှော်ကြည့်ရင် ရိဒ်ခေါရ်ဒါမြို့ရဲ့ လမ်းမီးမှိန်မှိန်အောက်ကနေ တည်းခိုခန်းဆီကို ထွက်ခွာခဲ့ပါတော့တယ်။ ■ ကိုဆူး (ချင်းတောင်ခြေ) via Eleven

ထင်းရှူးရနံ့ လှိုင် လှိုင် သင်း ပျံ့ သည့် ဖလမ်းမြို့

ထင်းရှူးရနံ့ လှိုင် လှိုင် သင်း ပျံ့ သည့် ဗန်ကာအို တောင်တန်း ပေါ်က ဖလမ်းမြို့ ……
ချင်းပြည်နယ် ဖလမ်းမြို့သည် ပင်လယ် ရေမျက်နှာပြင် အမြင့်ပေ ၅၂၈ဝမြင့်ပြီး ထင်းရှူးရနံ့များ လှိုင်လှိုင်သင်းသည့် ရှုမောဖွယ်ရာ ဗန်ကာအို တောင်တန်းကြီးပေါ်တွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင် ၄ဝ ခန့်၊ တောင်မှမြောက် သို့ ၂၂ မိုင်ခန့် ကျယ်ဝန်းသည်။
ဗန်ကာအို တောင်တန်းကြီးသည် ၁၈၈၉ ခုနှစ်တွင် ဗြိတိသျှ တို့က စတင်စခန်းချ အသုံးပြုသည့် တောင်တန်းကြီး ဖြစ်ပြီး ၁၈၉၂ခုနှစ် ဧပြီလမှ ဇွန်လအတွင်း ဗြိတိသျှ တို့က ယခုဗလိုင် ရပ်ကွက်နေရာတွင် စစ်စခန်းနှင့် အုပ်ချုပ်ရေးဌာန စတင် တည်ထောင်ပြီး ဖလမ်းမြို့ဟု ခေါ်ဝေါ် အသုံးပြုကာ ဗြိတိသျှ စစ်ဗိုလ် Major Browne က အုပ်ချုပ် ခဲ့ရာ နောက်ပိုင်းတွင် ယခင် ချင်းဝိဒေသတိုင်း၏ မြို့တော် အဖြစ် သတ်မှတ်ခဲ့သည့် မြို့ဖြစ်လာသည်။

ယခုနှစ်တွင် ဖလမ်းမြို့တည်ထောင်သည်မှာ နှစ်ပေါင်း ၁၂၃ နှစ်ပြည့်ပြီးဖြစ်ကာ ယခုအချိန်ထိ အဆောက်အအုံနှင့် အိမ်ခြေ ၁၇၂၄ခန့်နှင့် လူဦးရေ ၇၇၈၃ကျော်ရှိပြီး တိုင်းရင်းသား ပေါင်းစုံနေထိုင်သည့် မြို့ကြီးလည်း ဖြစ်သည်။
ဖလမ်းမြို့သည် ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့သို့ သွားရာလမ်းမပေါ်တွင် တည်ရှိသည်။ မြို့ပေါ်တွင် ရပ်ကွက်ကြီး လေးရပ်ကွက်၊ အထက်တန်းကျောင်း နှစ်ကျောင်း၊ အထက်တန်း ကျောင်းခွဲ တစ်ကျောင်း၊ ခုတင်-၂ဝဝ ဆံ့ ပြည်သူ့ဆေးရုံ၊ သူနာပြု သင်တန်းကျောင်းနှင့် ဘာသာပေါင်းစုံ အဆောက်အအုံများဖြင့် အလွန် စည်ကားလျက်ရှိသည်။
ဖလမ်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၆ဝရှိကာ မြို့အနီးအနားရှိ ကျေးရွာများမှ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက် မျိုးစုံကို ဖလမ်းမြို့နေ ပြည်သူများက သန့်ရှင်းလတ် ဆတ်စွာဝယ်ယူစားသုံး နိုင်ကြပြီး သောက်သုံးရေ အတွက် တောတောင် များကြားမှ ထွက်ရှိသော သဘာဝစိမ့်စမ်း ရေများကိုသာ အသုံးပြုသည်။ ငဆစ်ဗား ရေအား လျှပ်စစ်မှလည်း ၂၄နာရီ လျှပ်စစ်မီး ရရှိသဖြင့် ပြည်သူများ နေထိုင်မှု အဆင်ပြေကြပြီး လေကောင်း လေ သန့်၊ ရေကောင်း ရေသန့် များ ခံစားရရှိကာ အလွန် သာယာ ပျော်ရွှင်စရာ ကောင်းလှသည့် မြို့ဖြစ်သည်။
နိုင်ငံတော် အစိုးရကလည်း မြို့သာယာလှပရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အပြင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ပံ့ပိုးကူညီမှုများ ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိရာ ဖလမ်းမြို့သည် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အပါအဝင် ဘက်စုံကဏ္ဍ စုံဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက် လာတော့မည် ဖြစ်သည်။ ။
ဂျိုးနက် -MWD

ဘယ်လိုလို့ ချင်းတွေ သင့်သင့်မြတ်မြတ်နေနိုင်မှာလဲ

လွယ်လွယ်နဲ့ နားလည်လို့ရအောင် စကားပြောဆိုဟန်ဖြင့် ရေးသားတာပါ။

ဇိုမီး ဘာသာစကား၊ ဇိုမီး ရိုးရာ၊ ဇိုမီး ယဉ်ကျေးမှု၊ ဇိုမီး ဝတ်စုံ စသဖြင့် ဇိုမီး ဇိုမီး နဲ့ ဖြစ်နေတာကို
ချင်း ကိုလက်ခံသော ညီအစ်ကို တစ်ချို့က  မကြည်မညို ဖြစ်နေသည်။

အကယ်၍ ဇိုမီး နေရာမှာ ချင်းကို သုံးလိုက်ပါက
ချင်း ဘာသာစကား၊ ချင်း ရိုးရာ၊ ချင်း ယဉ်ကျေးမှု၊ ချင်း ဝတ်စုံ ဟု ဆိုရမှာပါ။
ဒါဆိုရင်
ချင်း ကိုလက်ခံသော ညီအစ်ကိုများက
ဒီ ချင်း ဘာသာစကား၊ ချင်း ရိုးရာ၊ ချင်း ယဉ်ကျေးမှု၊ ချင်း ဝတ်စုံ တို့ကို လက်ခံ သုံးစွဲမှာလား။
သိပ်တော့ မထင်ရပါ။
ဒါဆို
လူ၊ (ညီအစ်ကို) တွေကိုချစ်တာ မဟုတ်ဘဲ ချင်းဆိုတဲ့ ဝေါဟာရ တစ်လုံးကိုပဲ ချစ်တာ ဖြစ်လိမ့်မည်။

အဲလိုပဲ
ဟားခါးတွေ ဖလမ်းတွေ က သူတို့စကားကို news တွေ websites တွေမှာ chin version, chin version နဲ့ရေးနေကြတာ
တစ်ပြင့် မျိုးနွယ်စုတွေတွက် လုံးဝလုံးဝ မကောင်းပါ။ ဒါကို ပြတ်ပြတ် သားသား ကန့်ကွက် ရှုပ်ချသင့်ပါသည်။
အမှန်ဆို
ဇိုမီး ဘာသာစကားကို ချင်းပြည် မြောက်ပိုင်း ထက်ဝက်ကျော်က အခုချိန်မှာ သုံးစွဲနေကြတာ ဖြစ်သည်။
မသုံးတဲ့ မျိုးနွယ်စုထဲမှာလည်း ဇိုမီး ဘာသာစကားကို ရေးတတ် ဖတ်တတ် ပြောတတ် ကြသူတွေ အများကြီးရှိပါသည်။
Zomi songs တွေကို ဂီတာနဲ့တောင် ကောင်းကောင်းလေး တီးခတ်တတ်တဲ့ ဖလမ်း ဟားခါးတွေလည်း သူငယ်ချင်းများထဲမှာ တောင် တော်တော်များများ ရှိပါသည်။
ဆိုလိုတာက
ဇိုမီး ဘက်က ချင်း နာမည်ကို monopolise လုပ်ချင်ရင် တစ်ခြား မျိုးနွယ်စုတွေထက် တစ်ပန်းသာပါတယ်။
သို့သော်
ချင်း ဆိုတာ ပြည်နယ်ကို အခြေပြုတဲ့ ဘုံနာမည် ဖြစ်သလို
မည်သည့် မျိုးနွယ်စုတစ်ခုတည်းကမှ မူပိုင်လိုလို မသုံးစွဲသင့်ပေ။
ဥပမာ။ ဒီမျိုးနွယ်စု၏ စကား ချင်းစကား ချင်းဝတ်စုံ စသဖြင့်

ထို့ကြောင့်
အားလုံး သင့်သင့်မြတ်မြတ် အတူတကွ ချစ်ခင်စွာ နေထိုင်နိုင်ဖို့ ကိုယ့်စကား ကိုယ့်ဝတ်စုံကို ချင်းစကား ချင်းဝတ်စုံ ဆိုပြီး မဖော်ပြပဲ
ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲအဖြစ် လိုင်မီး ဘာသာစကား လိုင်ဇို ဘာသာစကား ခူမီး ဘာသာစကား ဒိုင် ဘာသာစကား ချို ဘာသာစကား
လိုင်မီး ဝတ်စုံ ခူမီး ဝတ်စုံ ဒိုင် ဝတ်စုံ ချို ဝတ်စုံ စသည်ဖြင့် specific စွာနဲ့ သတ်မှတ် ခေါ်ဆို ရေးသား ဖော်ပြ သင့်ပါသည်။

ဤသို့ မဟုတ်ပဲ
ချင်း နာမည်ကို ကိုယ့်ဝတ်စုံ ကိုယ့်စကားတွေ ချည်းနဲ့ပဲ လွမ်းမိုး ဖို့ ကြံစည်နေသရွေ့တော့
We are one in Chin ဆိုတာ အပြောသက်သက်သာ ဖြစ်ပြီး မြောင်းပုတ်ထဲပဲ ရောက်မှာ သေချာပါတယ်။

ဘိုးဘေးတွေ အကြောင်းပြောပြနေတဲ့ ချင်းတောင် တန်းတွေပေါ်က ကျောက်စာတိုင်တွေ

ကွေ့ကောက်မတ်စောက်တဲ့ ချင်းတောင်တန်းလမ်းဘေးတစ်လျှောက်မှာ စိုက်ထူထားတဲ့
ကျောက်တိုင်လေးတွေဟာ ချင်းတိုင်းရင်းသားဘိုးဘေးတွေရဲ့ ဘ၀ဖြတ်သန်းမှုတွေကို
အသေးစိတ်ဖော်ပြထားပါတယ်။

ရှုပ်ထွေးဆန်းပြားတဲ့ ရိုးရာယုံကြည်မှုတွေနဲ့ အမြဲအေးတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့
မြန်မာနိုင်ငံအနောက် မြောက်ပိုင်း ချင်းတောင်တန်းတွေက သူ့ဧည့်သည်တွေကို ဆွဲဆောင်
ထားတဲ့အချက်ထဲမှာ လမ်းဘေးက စီရရီ ကျောက်တိုင်ငယ်တွေလည်း ထိပ်ဆုံးက ပါဝင်လို
့နေပါတယ်။ "ကျွန်တော်တို့ရဲ့ဘိုးဘေး ချင်းစော်ဘွားတွေက သူတို့ ဘယ်လိုခမ်းနားစွာ
နေထိုင်ခဲ့ကြတယ်ဆိုတာကို မှတ်တမ်းတင် တဲ့အနေနဲ့ ဆွေမျိုးမြေးမြစ်တွေက သူတို့ကွယ်လွန်
ချိန်မှာ ကျောက်စာထွင်းပြီး စိုက်ထူကြတယ်"လို့ ကျောက်ပြားပေါ်က ထွင်းလက်စစာသားတွေကို
ခဏကြည့်ပြီး ဆလိုင်းကျဲအိုအန်းက မြန်မာလို ခပ်လေးလေးပြောပါတယ်။
တချို့မျိုးရိုးမြင့်မားပြီး ပိုင်ဆိုင်မှုများပြားတဲ့ ချင်းတိုင်းရင်းသားကြီးတွေရဲ့ ကျောက်စာတိုင်တွေမှာတော့
သူတို့ သတ်ခဲ့တဲ့ ၀က်၊ ကျွဲ၊ နွားနောက်နဲ့ ကျင်းပခဲ့တဲ့ပွဲတော်အရေအတွက်တွေကို ခပ်များများရေး
ထားတာမို့ ပိုကြီးတဲ့ အရွယ်အစားကျောက်တိုင်တွေ ဖြစ်နေတတ်ပါတယ်။ ချင်းတိုင်းရင်းသား
လူမျိုးစုကလည်း ၁၅၃ မျိုးတောင် ရှိတာမို့ ကျောက်စာတိုင်တွေမှာ ထွင်းထုထားတဲ့ စာသားတွေ
ကလည်း အမျိုးစုံလှတဲ့ ချင်းဘာသာစကားတွေ ဖြစ်လို့နေပါတယ်။
"အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ချင်းတိုင်းရင်းသားတွေ ဘယ်လိုရှင်သန်နေထိုင်ခဲ့
ကြတယ်ဆိုတဲ့ မှတ်တမ်းတွေကို နောက်လူတွေအတွက် လက်ဆင့်ကမ်းတဲ့သဘောပေါ့"လို
့ ချင်းတိုင်းရင်းသားတွေ ကျောက်တိုင်တွေ စိုက်ထူရတဲ့ ရည်ရွယ်ချက်ကို ဆလိုင်းကျဲအိုအန်းက
ရှင်းပြပါတယ်။ ဒီလိုရှင်းပြနိုင်တာကလည်း ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ထန်ထလန်
စတဲ့မြို့တွေအပြင် ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ မတူပီမြို့တွေအထိ လမ်းဘေးတစ်လျှောက်
စိုက်ထူထားတဲ့ ကျောက်တိုင်တွေကို တစ်ဦးတည်းထွင်းထုသူက ဆလိုင်းကျဲအိုအန်း ဖြစ်နေလို့ပါပဲ။
ဆလိုင်းကျဲအိုအန်းဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တက္ကသိုလ်ဝန်ထမ်း စာမေးပွဲဖြေဆိုအောင်မြင်ပြီး
မန္တလေးမြို့မှာ ပန်းချီပန်းပုကျောင်းတက်ရောက်ကာ ဇာတိ ချင်းပြည်နယ်၊ ဟားခါးမြို့ကို ပန်းချီအနုပညာရှင်တစ်ယောက် ဖြစ်ချင်တဲ့စိတ်နဲ့ ပြန်လာခဲ့ပါတယ်။
"ဒါပေမဲ့ ကျွန်တော် ဒီပြန်ရောက်ပြီး ပန်းချီရေးမယ့်အစား ကိုယ့်ရိုးရာဓလေ့ဖြစ်တဲ့ ဘိုးဘေးတွေ
အတွက် ကျောက်စာတွေ ထွင်းတဲ့နေရာမှာ အခက်အခဲရှိနေတာတွေ့တော့ စီးပွားရေးလို့မသတ်
မှတ်ဘဲ ကိုယ့်ဓလေ့ကို ဆက်ထိန်းသိမ်းတဲ့ရည်ရွယ်ချက်နဲ့ ကျောက်စာတွေ ထွင်းပေးဖို့ ဆုံးဖြတ်
ချက်ချလိုက်ပါတယ်"လို့ ခုဆို အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ဆလိုင်းကျဲအိုအန်းက ပြောပြပါတယ်။
ကျောက်စာရေးဖို့ လာအပ်သူအများစုဟာ တစ်စုံတစ်ယောက် ကွယ်လွန်ချိန်နဲ့ ကွယ်လွန်ပြီးသား
လူတွေကို အမှတ်တရ စိုက်ထူပေးချင်တဲ့ အချိန်တွေမှာပဲ အများဆုံးလာကြတာမို့ ချင်းပြည်နယ်မှာ
ဒီလို ကျောက်စာထွင်းဖို့ စိတ်ဝင်စားသူဟာ သူတစ်ယောက်ပဲ ရှိလိမ့်မယ်လို့လည်း ရယ်မောရင်း
ပြောပါတယ်။ "တစ်နေ့၊ ဒါမှမဟုတ် တစ်လကို ကျောက်စာ ဘယ်လောက်ထွင်းရတယ်ဆိုတာ
လူတွေသေတဲ့နှုန်းပေါ် အများဆုံး မူတည်တော့ ကျွန်တော် မခန့်မှန်းနိုင်ဘူး"လို့လည်း ကျောက်
ထွင်းဆရာက ပြောပါတယ်။
ချင်းပြည်နယ်ရဲ့ မြို့ရွာတွေမှာ ဗုဒ္ဓဘာသာ၊ ရိုမန်ကက်သလစ်၊ နှစ်ခြင်းခရစ်ယာန်နဲ့ အစ္စလာမ်
ဘာသာဝင်တွေအတွက် မြေမြှုပ်နှံရာသင်္ချိုင်းတွေ သီးသန့်ရှိသလို ထွင်းထားတဲ့ ကျောက်စာ
တိုင်တွေဟာ အုတ်ဂူတွေပေါ်မှာ စိုက်ထူဖို့ သက်သက်မဟုတ်ပါဘူး။ ကျန်ရစ်တဲ့မိသားစုတွေက
ကျောက်စာတိုင်လေးတွေပြုလုပ်လို့ ကွယ်လွန်သူကြိုက်နှစ်သက် တဲ့ နေရာလေးတွေမှာ
အမှတ်တရ စိုက်ထူပေးကြတာဖြစ်ပါတယ်။ "ချင်းတောင်ကနေ နိုင်ငံခြားထွက်သွားပြီး တစ်နယ်
တစ်ကျေးမှာ သေဆုံးသွားတဲ့ ဆွေမျိုးတွေအတွက်တော့ ဒီကျောက်စာတိုင်တွေကို သူတို့အသွား
များတဲ့ နေရာတွေမှာ စိုက်ကြတယ်"လို့ ဆလိုင်းကျဲအိုအန်းက ပြောပြပါတယ်။
ကျောက်စာတိုင်တွေ ထွင်းထုရာမှာ အသုံးပြုတဲ့ ကျောက်ပြားတွေကို ချင်းပြည်နယ် တောင်စောင်း
တစ်လျှောက်မှာ လိုက်တူးခဲ့ကြရပေမယ့် သယ်ယူဖို့ အခက်အခဲတွေ ရှိနေတာမို့ ခုနောက်ပိုင်းမှာ
ကိုယ်တိုင်ကျောက်ပြား တီထွင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘိလပ်မြေ၊ ကျောက်အပိုင်းအစ
တို့နဲ့ ကိုယ်တိုင်ပြုလုပ်တဲ့ ကျောက်စာတိုင်တစ်ခုရဖို့ တစ်ရက်နဲ့တစ်ည၊ အချိန်ယူရပြီး
သဘာဝကျောက်ပြားတွေကို ထွင်းထုရာမှာတော့ ပိုမာကျောတဲ့အတွက် အချိန်ပိုယူရပါတယ်။
"ကျောက်ပြားနှစ်ခုစလုံးကတော့ နှစ် ၅၀ လောက် သဘာဝဒဏ်ခံနိုင်မယ်လို့ ထင်တယ်။
သဘာဝကျောက်ပြား တွေကတော့ ပိုမာတော့ ပိုခံနိုင်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က လူငှားနဲ့
သွားတူးခတွေရှိတော့ ပိုဈေးကြီးတယ်"လို့ ဆလိုင်းကျဲအိုအန်းက ပြောပါတယ်။ နှစ်ပေနဲ့
တစ်ပေခွဲပတ်လည် စာထွင်းပြီးသား သဘာဝကျောက်ပြားတစ်ပြားကို ကျပ်တစ်သိန်းဝန်းကျင်
ဈေးရှိပြီး ဘိလပ်မြေနဲ့ လုပ်ထားတဲ့ ကျောက်ပြားဆိုရင်တော့ ကျပ်ငါးသောင်းဝန်းကျင် ဈေးပေါက်
ပါတယ်။ အခု နောက်ဆုံးပေါ်အနေနဲ့ မန္တလေးမြို့က လှမ်းမှာယူပြီးပြုလုပ်တဲ့ စကျင်ကျောက်နဲ့
ကျောက်ပြားတွေပေါ်မှာလည်း စာထွင်းနေပါပြီ။
"စကျင်ကျောက်တွေက ပိုလှ၊ ပိုတောက်ပပြီး ပိုမာတယ်။ ခုနောက်ပိုင်း လူချမ်းသာတွေကတော့
စကျင်ကျောက် ကို အမှာများတယ်။ ဈေးကတော့ သဘာဝကျောက်ပြားနဲ့ အတူတူလောက်ပဲ
ကျတယ်"လို့ သူက ရှင်းပြပါတယ်။ ကျောက်ထွင်းရတဲ့အလုပ်က အချိန်ယူရတာမို့ အစောပိုင်းမှာ
ဆေးနဲ့ရေးကြည့်ပေမယ့် ကျောက်သားထဲ ဆေးဝင်ဖို့ ခက်တာကြောင့် အချိန်တိုအတွင်း
ဆေးပျက်ပါတယ်။ "ဒါကြောင့် အရင်ဆုံး ခပ်နက်နက် စာထွင်းပြီးမှ ဆေးထည့်တယ်။ ဒီမှာ
လူကြိုက်အများဆုံးကတော့ အပြာ ရောင်ပဲ။ အေးချမ်းတယ်လေ"လို့ သူက ပြောပါတယ်။
အမှတ်တရ ကျောက်စာတိုင်တွေ ထူတဲ့ဓလေ့က တခြားတိုင်းရင်းသားတွေနဲ့ မတူကွဲပြားတာမို့
အခုနောက်ပိုင်းမှာတော့ ရိုးရာဓလေ့ ပြန်ဖော်ထုတ်တဲ့အနေနဲ့ ချင်းပြည်နယ်ရဲ့ ပွဲတော်တွေမှာ ပွဲတော်အကြောင်း ရေးထွင်းထားတဲ့ ကျောက်ပြားတွေလည်း စိုက်ထူလာကြပါတယ်။ ကျောက်စာထွင်းသူတစ်ယောက်အနေနဲ့ နေ့စဉ် ကျောက်ပြားတွေကြား
ပင်ပင်ပန်းပန်းအချိန်ကုန်ရပေမယ့် ကိုယ့်ရိုးရာဓလေ့ကို ထိန်းနိုင်တဲ့ လူတစ်ယောက်အဖြစ်
ဂုဏ်ယူစိတ်နဲ့ ပီတိဖြစ်တယ်လို့ ဆလိုင်းကျဲအိုအန်းက ပြောပါတယ်။
ကျောက်စာတိုင်တွေထူရာမှာ ကျောက်ပြားပုံစံတွေ ထပ်ဆန်းသစ်ဖို့အတွက်လည်း သူ
ကြိုးစားနေပါတယ်။ "ဒီကျောက်ပြားတွေက ချင်းတိုင်းရင်းသားတွေ ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတဲ့
မှတ်တမ်းတွေဖြစ်တဲ့အတွက် တစ်နေ့ မှာ ချင်းပြည်နယ်သမိုင်းအဖြစ် ကျွန်တော့်လက်နဲ့ လုပ်ထားတဲ့ ကျောက်ပြားတွေရှိနေမှာကို တွေးရင် ကျေနပ်ပီတိဖြစ်တယ်"လို့လည်း ဆိုပါတယ်။
ခုချိန်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးအဆင်မပြေမှုတွေကြောင့် အလုပ်လုပ်ဖို့၊ အခြေချဖို့၊
ပညာသင်ဖို့ စတဲ့ အကြောင်းများစွာနဲ့ ပြည်ပကို ထွက်ခွာသွားတဲ့ ချင်းတိုင်းရင်းသားတွေ
များစွာရှိနေပေမယ့် ချင်းတောင်တန်းတွေတစ်လျှောက်မှာတော့ ချင်းတိုင်းရင်းသားတစ်ယောက်
ချင်းစီရဲ့ ဘ၀မှတ်တမ်းတွေက ကျောက်စာတိုင်တွေအဖြစ် ဆက်လက်ကျန်ရစ် ရပ်တည်နေဦးမှာ
ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံနှင့် အဓိကကုန်သွယ်မှုပြုလုပ်သည့် ရိဒ်နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရန်လိုအပ်

အိန္ဒိယနိုင်ငံနှင့် အဓိကကုန်သွယ်မှုပြုလုပ်သည့် ရိဒ်နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရန်လိုအပ်
၂၀၁၅ ခုနှစ် မတ် ၁၄ (ရိဒ်) သတင်း- CL ထန်းငါ
၂ဝ၁၅ ခုနှစ်တွင် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်ရန် နှစ်ဖက်သဘော တူညီထားသည့်အလျောက် လက်ရှိ နှစ်ဖက်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှုတိုးတက်မှုများ ရှိသော်လည်း နယ်စပ်ကုန်သွယ်ရေးအနေဖြင့် အဓိကကျသည့် ချင်းပြည်နယ် ရိဒ်-မီဇိုရမ်းပြည်နယ် ဇိုခေါထာရ် နယ်စပ်တွင် ၅ လအတွင်း ကုန်သွယ်မှု ဆက်လက်လျော့နည်းလျက်ရှိကြောင်း သိရသည်။
ယခုလက်ရှိ ရိဒ်နယ်စပ်စခန်းမှ ကုန်သွယ်မှုသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ ခုနှစ် မတ်လဆန်းပိုင်းအထိ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ဆက်တိုက်ကျဆင်းမှုများရှိကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏စာရင်းအရ သိရသည်။
၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ယခု မတ်လ ၆ ရက်နေ့အထိ အဆိုပါစခန်းတွင် ပို့ကုန်ဒေါ်လာ ၈.၈၃၃သန်း၊ သွင်းကုန်ဒေါ်လာ ၄.၇၀၅ သန်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃.၅၃၈ သန်းသာ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇.၅၇၇ သန်း ဖြစ်သောကြောင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၄.၀၃၉ သန်း လျော့နည်းသည်။
လက်ရှိ မြန်မာနှင့် အိန္ဒိယနိုင်ငံသည် တမူးနှင့် ရိဒ်နယ်စပ်စခန်းများတွင် ကုန်သွယ်မှုပြုလုပ်ရာ နယ်စပ်စခန်းနှစ်ခု၏ကုန်သွယ်မှုအနေဖြင့် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၂ အထိ တိုးတက်မှုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။
ယခု ရိဒ်နယ်စပ်ကုန်သွယ်မှုကျဆင်းခြင်းသည် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်းနှင့် ရှောင်ကွင်းလမ်းများမှ တရားမ၀င် ကုန်သွယ်မှုများပြားခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ကလေး-တီးတိန်-ရိဒ် ကုန်သွယ်ရေးလမ်းပေါ်တွင် စစ်ဆေးရေး/အကောက်ခွန် စသည့်ဂိတ်များပြားမှုကြောင့် ခရီးကြန့်ကြာမှု စသည့် ကုန်စည်စီးဆင်းမှုအဟန့်အတားများရှိခြင်းများအား အဓိကဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
တဖက် မီဇိုရမ်းပြည်နယ်မှ ကုန်ပစ္စည်းများ ပိုမိုတင်သွင်းရန် လိုအပ်လာသည်သကဲ့သို့ မကြာသေးမီက နေပြည်တော်တွင် ကျင်းပခဲ့သော ပဥမမြောက် နှစ်နိုင်ငံပူးတွဲကုန်သွယ်ရေးကော်မတီအစည်းဝေး၏သဘောတူဆုံးဖြတ်ချက်အရ ဇိုခေါထာရ် ကုန်းမြေအကောက်ခွန်စခန်း (Zokhawthar Land Custom Station) အမြန်ဆုံးပူးပေါင်းဖွင့်လှစ်နိုင်ခြင်းသည် ဇိုခေါထာရ်-ရိဒ် ကုန်သွယ်ရေးတိုးမြှင့်ရေးအတွက် အဓိကဦးစားပေးဆောင်ရွက်သွားမည့်လုပ်ငန်းတစ်ခုလည်းဖြစ်သည်။
လယ်ယာစိုက်ပျိုးထွက်ကုန်နှင့် စွမ်းအင်သယံဇာအရင်းအမြစ် ပေါများသည့် ချင်းပြည်နယ်သည် ဒေသတည်ငြိမ်အေးချမ်းသည့်ဒေသတစ်ခုဖြစ်သော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အနည်းဆုံးဒေသတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သတ်ရ စစ်ကိုင်းတိုင်းဒေသကြီး တမူး- မဏိပူရ်ပြည်နယ် မိုးရေး နယ်စပ်မှ ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀.၃၃၂ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယင်းပမာဏသည် ယခင်နှစ် အလားတူကာလထက် ဒေါ်လာ ၁၇.၀၁၄ သန်း တိုးတက်မှု ရှိကြောင်း အဆိုပါစခန်း၏စာရင်းတွင် ဖော်ပြချက်အရ သိရသည်။
တနည်းအားဖြင့် တမူးးနှင့် ရိဒ် စခန်းနှစ်ခုအကြားတွင် ကုန်သွယ်မှုပမာဏကွာခြားချက်များ တိုးတက်လာနေကြောင်း၊ ယခင်ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅.၇၄၁ သန်းသာ ရှိပြီး ယခုတွင် ဒေါ်လာ ၂၆.၇၉၄ သန်းအထိ ကွာခြားလာနေသည်ကို တွေ့ရသည်။
တမူး-မိုးရေး ကုန်သွယ်မှုသည် တစ်ဖက်မဏိပူရ်ပြည်နယ်အတွင်း နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်းနှင့် မြေပေါ်မြေအောက်အဖွဲ့အစည်းများက မကြာခဏကုန်သွယ်ရေးလမ်းပိတ်ဆို့ဆနပြမှုများကြောင့် ကုန်စည်စီးဆင်းမှုအဟန့်အတားများရှိသော်လည်း လျာထားချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနှင့် အိန္ဒိယ နယ်စပ်ကုန်သွယ်မှုပြုလုပ်ရာတွင် အဓိကကျသည့်ပို့ကုန်ပစ္စည်းများမှာ-ကွမ်းသီး၊ ဂျင်းအခြောက်၊ ပဲစင်ငုံ၊ မတ်ပဲ၊ စနွင်းမြစ်၊ ရေစင် နှင့် ဆေးဘက်ဝင်ပစ္စည်း စသည်တို့ဖြစ်ပြီး အဓိကကျသည့် သွင်းကုန်ပစ္စည်းများမှာ-ချည်မျှင်၊ ယာဉ်ယန္တရားများ၊ပဲငါးပိပဲ စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းအပြင် ဓာတ်မြေသြေဇာ၊ ဆံပင် စသည်တို့ ဖြစ်သည်။
၂၀၁၅ ခုနှစ် မတ်လ ၆ ရက်နေ့အထိ အဆိုပါနယ်စပ်ကုန်သွယ်မှုမှ ပို့ကုန်ဒေါ်လာ ၃၈.၂၅၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၅.၆၁၂ သန်း၊ကုန်သွယ်မှုဒေါ်လာ ၅၃.၈၇ သန်းဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်အလားတူကာလ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၀.၈၉၅ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၁၂.၉၇၅ သန်း တိုးတက်မှုရှိသည်။
တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (Individual Trading Card) ဖြင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် တမူးစခန်းတွင် ကျပ် ၉၄၇၂၄၃၀၈၀.၂၅၃ ၊ ရိဒ်စခန်းတွင် ကျပ် ၃၂၄၃၇၃၀၃၆.၂၄၀ ၊ ကုန်သွယ်မှုပမာဏစုစုပေါင်း ကျပ် ၁၂၇၁၆၁၆၁၁၆.၄၉၃ ဖြစ်ပြီး ရိဒ်စခန်းအနေဖြင့် ယနေ့အထိ ITC ကတ်ထုတ်ပေးနိုင်မှုမှာ သုံးဦးရှိပြီး ယင်းကတ်ဖြင့် ပို့ကုန်ပစ္စည်းမှာ မုန့်မျိုးစုံ စသည်များ၊ သွင်းကုန်ပစ္စည်း- နိုင်လွန်ချည်နှင့် ချည်ဆိုးဆေး၊ အားဖြည့်အချိုရည် စသည့်လုပ်ငန်းသုံးကုန်ပစ္စည်းဖြင့် ကုန်သွယ်လျက်ရှိသည်။
ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိရန် ရည်မှန်းထားပြီး ဆောင်ရွက်လျက်ရှိရာ နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေးအနေဖြင့် တမူးနယ်စပ်စခန်းတွင် ဆောင်ရွက်သည့်နည်းတူ ရိဒ်နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန် လိုအပ်နေပြီဟု လေ့လာစုံစမ်းသိရှိရသည်။

ဘဝအတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ

အရမ်းကောင်းတဲ့ စကားတွေမို့ ကူးလိုက်ပါတယ်

ဘဝအတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ
.............................................................................

မပျင်းနဲ့

ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။

မတွေဝေနဲ့


လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။

မစိုးရိမ်နဲ့

ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့  လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။

အားမငယ်နဲ့

ငါ့ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။(ဘာဖြစ်တာလဲတော့ မသိဘူး) ကိုယ်က ဘဝရဲ့ အဓိပ္ပါယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်လည်နေရတဲ့အခြေအနေထဲမှာစိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။

အချစ်ဆိပ် မတက်နဲ့

ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေးတစ်လုံး နဲ့ နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စားခံလိုက်ကြတယ်။ စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။

စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ် တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်လည်းဆက်၊ မအိပ်လည်းဆက်၊ တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊ ၈ နာရီက အပြင်မှာ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလို့ပါ ဘာညာနဲ့ မိမိရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲ သွားကြမှာ အမှန်ပါပဲ။ ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။ သို့ပေမယ့် Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာ အဆိပ်တော့ မတတ်ပါနဲ့။ ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။

အပျော်မမက်နဲ့

စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှုအတွက် တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။

ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့  အရသာဆိုတာဟာလည်း ပန်းတိုင်ရောက်မှခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။အသီးမသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့ က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။

အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင်တစ်ခုသို့ ရောက်ရှိနိုင်ကြပါစေ။

အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည့် ကလေးမြို့

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ခရိုင်လေးခရိုင်တွင် တစ်ခုအပါအ၀င်ဖြစ်သော ကလေးမြို့သည် ရပ်ကွက်ကြီး ၁၉ရပ်ကွက်နှင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၄၁ အုပ်စုတို့ဖြင့် ဖွဲ့စည်းထားသည်။ ကလေးမြို့နယ်တွင် လူဦးရေသုံးသိန်းကျော်နေထိုင်ကြကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အိမ်ခြေနှင့် လူဦးရေတိုးတက်မှု အလွန်မြန်ဆန်လျက် စစ်ကိုင်းဒေသကြီးအတွင်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသောမြို့ဖြစ်သည်။

ကလေးမြို့ကို ကောဇာသက္ကရာဇ် ၃၂၈ခုနှစ်တွင် ကျေးတောင်ညိုမင်းကြီးက စတင်တည်ထောင်ခဲ့ပြီး ရွှေတောင်မြို့၊ စဉ်းတုံမြို့၊ မန်လုံမြို့နှင့် ခမ်းပတ်မြို့ လေးမြို့က ကာရံထားသောကြောင့် ကာလေးမြို့ဟု သမုတ်ခဲ့ရာမှ ယခုအချိန်တွင် ကလေးမြို့ဟု ခေါ်ဆိုခဲ့ကြောင်း၊ စတင်တည်ထောင်သူ ကျေးတောင်ညိုမင်းကြီးအပါအ၀င် မင်းဆက်လေးဆက်ဖြင့် ဆက်လက်တည်ထောင်ထားခဲ့ကြောင်း ကြားသိရသည်။ မြို့အနီးတွင် သဘာဝကို လွန်ဆန်လျက် တောင်မှ မြောက်သို့ စီးဆင်းသည့် မြစ်သာမြစ်နှင့် ကန့်လန့်ဖြတ်တည်ရှိသော တောင်ဖီလာတောင်တို့ရှိသဖြင့် ထူးခြားသည့် မြို့တစ်မြို့ဖြစ်သည်။

ကလေးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၀၀တွင် တည်ရှိပြီး အရှေ့မှ အနောက်သို့ မိုင် ၆၀၊ တောင်မှမြောက်သို့ ၈၈မိုင်နှင့် ဧရိယာစတုရန်းမိုင် ၃၃၃၆ဒသမ ၅၅၆မိုင် ကျယ်ဝန်းသည်။ မြို့အ၀င်မုခ်ဦးကြီးများလည်း ခံ့ညားထည်ဝါစွာဆောက်လုပ်ပြီး ဖြစ်သည်။

ကလေးမြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ပေးမှုနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကလေးခရိုင်စီမံခန့်ခွဲမှု ကော်မတီသည် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တစ်နှစ်တာကာလအတွင်း၌ ကလေးမြို့သာမက မြို့နယ်အတွင်း ကျေးလက်ဒေသများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင်လည်း ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်နေရပြီဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးတွင်လည်း ကလေးမြို့သည် ချင်းပြည်နယ်၊ အိန္ဒိယနယ်စပ် တမူးမြို့၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နှင့် နီးကပ်စွာတည်ရှိနေပြီး ကလေးဝမြို့မှတစ်ဆင့် မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့အထိသွားလာရန်
ရေကြောင်း၊ ကုန်းကြောင်းလမ်းများဆုံရာမြို့ဖြစ်သည်။ ထို့အပြင် လေဆိပ်၊ ရထားဘူတာနှင့်
အဝေးပြေးယာဉ်ရပ်နားဝင်းများတည်ရှိရာမြို့ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးလွယ်ကူသလို မြို့တွင်း မြို့ပြင်တံတားများကိုလည်း သံကူကွန်ကရစ်တံတားကြီးများဖြင့်  တည်ဆောက်ထားသဖြင့် ခရီးလမ်းချောမွေ့သောမြို့လည်း ဖြစ်သည်။

ပညာရေးကဏ္ဍတွင်လည်း တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များနှင့် အထက်တန်းကျောင်း ငါးကျောင်းရှိပြီး ကျန်းမာရေးကဏ္ဍအတွက်လည်း ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ ခုတင်(၁၀၀)ဆံ့ စစ်ဆေးရုံ၊ ဆောက်လုပ်ဆဲ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများရှိသည်။ ထို့အပြင် အဆင့်မြှင့်တင်ဆောက်လုပ်ဆဲ ခရိုင်အဆင့် ပြည်သူ့အားကစားကွင်းကြီးလည်းရှိရာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍများအတွက်လည်း ပူပင်ရန်မရှိသောမြို့ဖြစ်သည်။

စီးပွားရေးအရလည်း ဆန်ရေစပါးပေါများ ကြွယ်ဝခြင်း၊ နယ်စပ်ဒေသကုန်သွယ်မှုကောင်းခြင်း၊ မြို့မဈေး၊ ပင်လုံဈေးနှင့် တာဟန်ဈေးကြီးတည်ရှိခြင်းနှင့် စက်မှုဇုန်များတည်ရှိရာမြို့လည်း ဖြစ်သဖြင့် အလုပ်အကိုင်၊အခွင့်အလမ်း ပေါများသည်။ ယခုအချိန်တွင် ကလေးမြို့သည် မြို့ကြီးအင်္ဂါရပ်နှင့် ပြည့်စုံလျက် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ပြည်သူများ စည်းလုံးညီညွတ်စွာ နေထိုင်ရာမြို့ဖြစ်သည်။ နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိပြီး စီးပွားရေးအချက်အချာကျသောမြို့လည်း ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ဘက်စုံကဏ္ဍစုံတွင် အရှိန်အဟုန်ဖြင့် အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိနေပြီဖြစ်သည်။

ဂျူနိုင်း
ဖေဖော်ဝါရီ(၁၆၊၂၀၁၅)၊ မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

"Valentine's Day" ချစ်သူများနေ့ ဘယ်ကစခဲ့တာလဲ

"Valentine's Day" ချစ်သူများနေ့ ဘယ်ကစခဲ့တာလဲ
===============================

(ဓါတ်ပုံ-ရဟန္တာစိန်ဗလက်တိုင်း ၏ ပုံတော်)


(ကက်သလစ်သာသနာ၏ ရဟန္တာမြတ်များ blog မှပြန်လည်ကူးယူဖေါ်ပြသည်။)

စိန်ဗလက်တိုင်းသည် ချစ်ခြင်းမေတ္တာ၊ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ကြောင်းလှမ်းခြင်း၊ နှုတ်ဆက်ခြင်း၊ လူငယ်များ၊ ခရီး သွားများ၊ ပျားမွေးမြူသူများနှင့် ဦးနှောက်ထိခိုက်၍ ဝေဒနာခံစားနေရသူများအား ကာကွယ်စောင့်ရှောက ပေးနေသည့် ရဟန္တာတစ်ပါးပင် ဖြစ်ပါသည်။ အထူးသဖြင့် သူ့အား ချစ်သူများအား ကာကွယ်စောင့်ရှောက်သူအဖြစ် လူသိများပြီး သူ၏ပွဲနေ့အား ဗလက်တိုင်းနေ့ (ချစ်သူများနေ့)ဟုပင် သတ်မှတ် ကျင်းပလာကြသည့်ဓလေ့မှာ နှစ်ပေါင်း ၆၀၀ ခန့်ရှိနေပါပြီ။

ဗလက်တိုင်းသည် ကက်သလစ် ရဟန်းတစ်ပါးဖြစ်ပြီး ဆရာဝန်တစ်ဦးလည်း ဖြစ်ပါသည်။ တတိယရာစုအတွင်း အီတလီတွင်နေထိုင် အသက်ရှင်ခဲ့ပြီး ရောမမြို့တွင် ရဟန်းတစ်ပါးအဖြစ် အစေခံ ခဲ့လေသည်။ သူ၏ငယ်စဉ်ဘ၀ကို သမိုင်းပညာရှင်တို့မသိကြပေ။ ကက်သလစ်ရဟန်းတစ်ပါးအဖြစ် အစေခံနေသည့် အချိန်မှစ၍ သူ့အကြောင်းအား သိခဲ့ရသည်။ ထိုအချိန်က ရောမမြို့အား အင်ပါယာမင်း ကလောဒီရုစ် (၂)အုပ်ချုပ်နေပြီး သူ၏တပ်မတော်အတွက် လူငယ်များစွာကို စစ်သားအဖြစ်လိုအပ်နေသည့် အချိန်ဖြစ်သည်။ ထိုကြောင့် လက်ထပ်ထိမ်းမြားခြင်းသည် စစ်သားအင်အား စုစောင်းရန် အတားအစီး တစ်ခုဟု ယူဆ၍ လက်ထပ်ခြင်းကို တရားဝင်ခွင့်မပြုပေ။ ရှိနှင့်ပြီးဖြစ်သော စစ်သားများကိုပင် လက်ထပ်ခွင့် ပြုရန် ခေါင်းမာသည်။ ထိုကြောင့် လူငယ်များစွာအား အချစ်ရေးထက် စစ်ဘက်၌ အာရုံစိုက်စေဖို့ ခရစ်ယာန် ဘုန်းတော်ကြီးများအား လက်ထပ်ခြင်း စက္ကရမင်တူးမပေးရန် တားမြစ် ခဲ့လေသည်။

ထိုအချိန်မှာပင် ချစ်သူစုံတွဲများ ပေါင်းဖက်နိုင်ဖို့အရေးကို စွမ်းဆောင်ပေးသူမှာ ဗလက်တိုင်းဟုခေါ်သော ဘုန်းတော်ကြီးပင်ဖြစ်ပါသည်။ ချစ်ကြိုက်နေကြသော စုံတွဲများအား လက်ထပ်ပေးရင်း ဗလက်တိုင်းဟာ လက်ထပ်ပေးသည့် ဘုန်းတော်ကြီးအဖြစ် နာမည်ကြီးလာခဲ့သည်။ ထိုအကြောင်းကို ကြားသိရသော အင်ပါယာမင်းသည်လည်း အမျက်ဒေါသထွက်၍ သူ့အားထာင်ဒဏ် အပြစ် ပေးပြီး ထောင်ချ ထားခဲ့လေသည်။ သို့သော် ဗလက်တိုင်းသည် ထောင်ထဲ၌ ရှိနေသော်လည်း အပြင်၌လူငယ်များစွာအား လက်ထပ်ပေးနေဆဲဖြစ်ပေသည်။ ထောင်ထဲ၌လည်း ထောင်သားများနှင့် ရင်းနှီးကာ သြစတဲရီးရုစ်ဟု ခေါ်သော ထောင်သားက သူ၏ သမီးငယ်အတွက် အကူအညီတောင်းခံခဲ့လေသည်။ သူ၏သမီးငယ်မှာ ဂျူလီယာဖြစ်ပြီး မျက်စိအလင်း ကွယ်ပျောက်နေသူပင် ဖြစ်ပါသည်။ သူမသည် ထောင်ထဲသို့ဖခင်အား လာတွေ့ရာမှ စိန်ဗလက်တိုင်းနှင့် ရင်းနှီးခွင့်ရခဲ့သည်။

အင်ပါယာမင်း ကလော့ဒီရုစ် (၂)လည်း ဗလက်တိုင်း၏အစွမ်းကို သဘောကျလာကာ သူ့၏ အမှားအတွက်ပင် တောင်းပန်ခဲ့လေသည်။ သို့သော်လည်း ခရစ်ယာန် ဘာသာကိုစွန့်၍ ရောမဘုရားများကို ကိုးကွယ်မှ သာလျှင် ထောင်မှ လွတ်လပ်ခွင့် ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။ ဗလက်တိုင်းသည် သူ၏ခရစ်တော်၌ ယုံကြည်ခြင်းအား မစွန့်လွတ်နိုင်ကြောင်း၊ အင်ပါယာမင်းကိုလည်း ခရစ်တော်၌သာ ယုံကြည်သင့်ကြောင်း တရားဟောခဲ့လေသည်။ သို့သော်လည်း ရောမအင်ပါယာမင်းအတွက် ရောမဘုရားကို မကိုးကွယ်လျှင် အင်ပါယာပျက်မည့် အရေးကြောင့် လက်မခံခဲ့ပေ။ ဗလက်တိုင်းကိုလည်း ရောမဘုရားတို့၏ ပရော်ဖက် ဖြစ်စေချင်လွန်း၍ သိမ်းသွင်းရာမှ နောက်ဆုံး ခေါင်းဖြတ်ကွပ်မျက်ခဲ့ရသည်အထိ ဖြစ်ပျက်ခဲ့လေသည်။ အေဒီ၂၇၀၊ ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ တွင် ဗလက်တိုင်း ပျံလွန် တော်မူ ခဲ့လေတော့သည်။

ဗလက်တိုင်း မကွယ်လွန်ခင် ဂျူလီယာထံသို့ နောက်ဆုံးစာရေးခဲ့ပြီး ထိုစာ၏အောက်ခြေ၌ From your Valentine (သင့်ဗလက်တိုင်း) ဟု အဆုံးသပ်ခဲ့ရာမှ ခေတ်အဆက်ဆက် လူငယ်များစွာသည် သူတို့၏ချစ်သူများထံ စာပို့ရာ၌ From your valentine (သင့်ဗလက်တိုင်းထံမှ) ဟုသုံးနှုန်းလာခဲ့ကြသည်။ ထို့အပြင် ချစ်သူများနှင့်ပေါင်းဖက်နိုင်ဖို့အရေး လူငယ်များစွာသည် စိန်ဗလက်တိုင်းထံသို့ ဆုတောင်း လာခဲ့ကြသည်။ ဆုတောင်းများလည်း ပြည့်လာကြပြီး ယနေ့အချိန်တွင် ဗလက်တိုင်းနေ့အား ချစ်သူများနေ့အဖြစ်ပင် တကမ္ဘာလုံး၌ ကျင်းပလာခဲ့ကြလေသည်။

(Valentine ဟူသော အမည်မှာ ဗာလာ (Valar) ခွန်အားသတ္တိဟု အနက်အဓိပ္ပာယ်ရှိသည်။ ရာစုနှစ်ပေါင်း များစွာကတည်းက ချစ်သူများဟာ မိမိတို့အချစ်ရေးမှာ အခက်အခဲတွေ ရင်ဆိုင်ရတိုင်း စိန့်ဗယ်လင်တိုင်းထံ ခွန်အားကျေးဇူးကို တောင်းခံလေ့ရှိကြသည်။

စီးပွားရေးကိုယ့်ကျင့်သိက္ခာ

ရေးသူ-ထက်ကျော်

လူတိုင်းမှာ မတူထူးခြားတဲ့အကျင့်တွေရှိတတ်တယ်။ အဲဒီအမူ အကျင့်တွေက ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုစောင့်ထိန်းတဲ့အမူအကျင့်နဲ့ ဖောက်ဖျက်တဲ့အမူအကျင့်တွေဖြစ်ပါတယ်။ ကိုယ်ကျင့်တရားမှာ Maraity ဆိုတဲ့ပြုမူလှုပ်ရှားမှုနဲ့ Charactor ဆိုတဲ့အကျင့်စာရိတ္တ ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ အဲဒါကို Ethic လို့ခေါ်ကြတယ်။ လူတစ်ဦးချင်းတစ်ယောက်ချင်းကိစ္စကနေ လူတွေစုဖွဲ့ထားတဲ့အဖွဲ့ အစည်းတွေအထိ ဆိုင်ရာဆိုင်ရာကိုယ်ကျင့်တရားတွေရှိကြပြီး အဲဒါ တွေကိုလည်း လေးစားလိုက်နာစောင့်ထိန်းကြရတယ်။
နယ်ပယ်အသီးသီးမှာ ကိုယ်ကျင့်သိက္ခာဟာ အရေးကြီး တဲ့အခန်းကဏ္ဍမှာရှိသလို စီးပွားရေးလောကမှာလည်း လိုက်နာ ထိန်းသိမ်းကြရပါတယ်။ လူတစ်ဦးချင်းရဲ့စီးပွားရေးကိုယ်ကျင့် သိက္ခာကစပြီး အဖွဲ့အစည်းတွေ၊ စက်ရုံအလုပ်ရုံတွေ၊ လုပ်ငန်းခွင် တွေအားလုံးမှာ စီးပွားရေးကိုယ်ကျင့်သိက္ခာရှိကြမှာဖြစ်သလို ရှိ အောင်လည်းကြိုးစားကြရတယ်။ Ethic ဟာ စိတ်ပိုင်းဆိုင်ရာ အတွေးအမြင်ဖြစ်ပေမဲ့ လူတစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့တစ်ခုမှာ ဖြစ်စေ၊ မြင်တွေ့နိုင်တဲ့စံနှုန်းတွေ၊ တန်ဖိုးတွေ၊ ကောင်းမွန်တဲ့အမူ အကျင့်တွေအဖြစ် ခံစားနားလည်နိုင်ပါတယ်။
လူတစ်ဦးမှာ ကိုယ်ကျင့်သိက္ခာမကောင်းရင် လူမသေ ပေမဲ့ နာမည်သေသွားတတ်တယ်။ စီးပွားရေးအဖွဲ့အစည်းတွေမှာ လည်း အဖွဲ့အစည်းရဲ့စီးပွားရေးကိုယ်ကျင့်သိက္ခာတွေရှိကြပါတယ်။ အဲဒါတွေကိုလည်း လေးလေးစားစားပဲလိုက်နာကျင့်သုံးကြရတယ်။ လိုက်နာကျင့်သုံးမှုခိုင်မြဲအားကောင်းရင် အဲဒီစီးပွားရေးအဖွဲ့ အစည်းဟာ နာမည်ကောင်းနဲ့ကျော်ကြားပြီး အောင်မြင်တတ်သလို ကိုယ်ကျင့်သိက္ခာမရှိတဲ့စီးပွားရေးအုပ်စုကြီးတွေကတော့ စားသုံး သူတွေရဲ့စွန့်ပစ်မှုကို ခံကြရလေ့ရှိပါတယ်။

ကမ္ဘာပေါ်မှာ ဒေ၀ါလီခံသွားရတဲ့စီးပွားရေးအုပ်စုကြီး တွေ၊ ပြိုကွဲပျက်စီးသွားတဲ့ကုမ္ပဏီတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေရှိ တယ်။ တချို့ဆိုရင် အဲဒီလိုကျဆုံးသွားလိမ့်မယ်လို့ ဘယ်သူမှတွေး မိကြမှာမဟုတ်ဘူး။ ဒါပေမဲ့ အမှန်တကယ်ပဲပျက်စီးသွားကြရတယ်။ အဲဒီလိုဖြစ်သွားရတာဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေဖြစ် ပြီး ခေါင်းရမ်းငြင်းဆိုလို့ရမယ်မထင်ဘူး။
အဲဒီလိုမကောင်းတဲ့နိဂုံးချုပ်မှုတွေနဲ့တွေ့ကြုံရတဲ့အခါ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာကို အဖြေရှာကြည့်ကြတယ်။ တွေ့ ရတာကတော့ ကိုယ်ကျင့်သိက္ခာကောင်းမွန်မှုမရှိတဲ့ စီးပွားရေးအဖွဲ့ အစည်းဖြစ်နေလို့ဆိုတဲ့အဖြေကို ရရှိလိမ့်မယ်။ အဲဒီအဖွဲ့အစည်းမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကအစ အောက်ခြေ၀န်ထမ်းတွေအထိ ညီညီ ညာညာပဲ ကိုယ်ကျင့်သိက္ခာပျက်စီးယိုယွင်းနေကြတာကို ငြင်းကွယ် မရအောင်တွေ့ရလိမ့်မယ်။
စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ အဆိုးဆုံးသိက္ခာပျက် ပြားမှုကတော့ အရွယ်မရောက်သေးတဲ့ကလေးတွေကို လုပ်ငန်းခွင် မှာခေါ်ယူအသုံးပြုတာပဲဖြစ်ပါတယ်။ လုပ်အားခသက်သာပြီး အချိန်ပိုခိုင်းလို့ရတဲ့ကလေးလုပ်သားတွေဟာ လုပ်ငန်းရှင်တွေရဲ့ ဘဏ္ဍာတိုက်ကြီး အလျင်အမြန်ပြည့်ဝစေဖို့ လုပ်ကိုင်ပေးနေကြတဲ့ စက်ရုပ်ကလေးတွေနဲ့တူနေတတ်တယ်။ ဒါကို သူတို့ရဲ့နားချိန်၊ စား ချိန်နဲ့ အလုပ်လုပ်နေရတဲ့အချိန်တွေကိုနှိုင်းယှဉ်ကြည့်ရင် သိရလိမ့် မယ်။ တချို့ဆိုရင် တစ်ရက်မှာ ၁၆ နာရီကနေ နာရီ ၂၀ လောက် အထိ အလုပ်လုပ်ကြရသတဲ့။

အလုပ်ချိန်ဟာ တစ်ရက်မှာ ရှစ်နာရီလို့သတ်မှတ်ထား ပေမဲ့ ကလေးလုပ်သားတွေသာမက အလုပ်သမားအတော်များများ ဟာ အချိန်ပိုအလုပ်လုပ်နေကြရတယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့ စိုက်ထုတ်လိုက်တဲ့ခွန်အားအတွက် လုပ်ခအပိုမရကြတာကများ တယ်။ ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးကြေညာစာတမ်းမှာ ဘယ်လို ပဲဆိုနေနေ စီးပွားရေးအကျင့်သိက္ခာမရှိတဲ့အဖွဲ့အစည်းတွေ ကတော့ ဈေးပေါပေါနဲ့ခိုင်းလို့ရတဲ့ကလေးလုပ်သားတွေဟာ သူတို့ အတွက် တွက်ခြေအကိုက်ဆုံးဖြစ်နေတတ်တယ်။
စက်ရုံအလုပ်ရုံတွေမှာ လုပ်ငန်းရှင်တွေဟာ အမြတ် အစွန်းများများရနိုင်ရေး၊ မြန်မြန်ရရှိနိုင်ရေးအတွက် အလုပ်သမား တွေကို ၀န်နဲ့အားမမျှအောင်ခိုင်းစေတတ်တယ်။ ဒီတော့ အလုပ် သမားတွေမှာ မနိုင်ဝန်ကိုထိန်းနေရသလိုဖြစ်ပြီး ကျန်းမာရေးချို့ တဲ့လာတတ်တယ်။ ဒါပေမဲ့ ကိုယ်ကျင့်သိက္ခာဆုတ်ယုတ်ကျဆင်း နေတဲ့အဖွဲ့အစည်းဟာ သူတို့တာဝန်ယူရမယ့်ကျန်းမာရေးစောင့် ရှောက်မှုကိစ္စကိုတော့ မသိကျိုးကျွန်ပြုထားတတ်ကြတယ်။
ကိုယ့်စက်ရုံအလုပ်ရုံကြောင့် ပတ်ဝန်းကျင်မှာ မလိုလား အပ်တဲ့ဆိုးကျိုးတွေ သက်ရောက်ရတာမျိုးတွေလည်း ရှိတတ်တယ်။ ဒါပေမဲ့ အမြတ်အစွန်းကိစ္စတစ်ခုတည်းကိုပဲကြည့်တတ်တဲ့လုပ်ငန်း ရှင်တချို့ဟာ အဲဒီဆိုးကျိုးတွေကိုမသိသလိုရှောင်လွှဲတတ်ကြတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့အချိုးမျိုး ချိုးတတ်ကြ တယ်။ ဒါဟာလည်း စီးပွားရေးကိုယ်ကျင့်သိက္ခာကို ချိုးဖောက်တာ ပါပဲ။ အင်မတန်ရွံရှာစရာကောင်းပါတယ်။
အဆိုးဆုံးကတော့ စီးပွားရေးလုပ်ငန်းရှင်တွေလုပ်ကိုင်နေ ကြတဲ့ စက်ရုံအလုပ်ရုံနဲ့ ရုံးဌာနတွေမှာတွေ့ရတတ်တဲ့ ခွဲခြား ဆက်ဆံမှုပဲဖြစ်ပါတယ်။ အသားအရောင်အရ၊ လိင်အရ၊ လူမျိုးရေး အရ ခွဲခြားဆက်ဆံတဲ့အပြုအမူတွေကို လုပ်ငန်းခွင်တွေမှာတွေ့နေ ရတယ်ဆိုရင် အဲဒီလုပ်ငန်းအဖွဲ့အစည်းဟာ စီးပွားရေးကိုယ်ကျင့် သိက္ခာကို အဆိုးဝါးဆုံးဖောက်ဖျက်နေတဲ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ရလိမ့်မယ်။

ဒီအတိုင်းပဲ ကိုယ့်ရဲ့အလုပ်တွေအောင်မြင်ဖို့၊ ကိုယ့် ကုမ္ပဏီနာမည်ရဖို့၊ လုပ်ပိုင်ခွင့်တွေဆုပ်ကိုင်နိုင်ဖို့အတွက် အင်မတန် ရွံစရာကောင်းတဲ့လာဘ်ပေးလာဘ်ယူကိစ္စတွေကို လုပ်ငန်းခွင်မှာ တွေ့နေရတာမျိုးလည်းရှိပါတယ်။ တာဝန်ရှိတဲ့ကုမ္ပဏီအကြီးအကဲ တွေက သူတို့နဲ့ချိတ်ဆက်လုပ်ကိုင်ပေးနေတဲ့လုပ်ပိုင်ခွင့်ရှိတဲ့နိုင်ငံ တော်အဆင့်ပုဂ္ဂိုလ်ကြီးတွေကို လာဘ်ပေးတာ၊ သူတို့စက်ရုံ၊ အလုပ် ရုံနဲ့ လုပ်ငန်းခွင်တွေမှာဝင်ရောက်လုပ်ကိုင်လိုကြတဲ့ရာထူးအဆင့် ဆင့်နေရာတွေခန့်ထားဖို့အတွက် လာဘ်ယူတာတွေရှိတတ်ပါတယ်။ အဆိုးဆုံးထဲက အဆိုးဆုံးထဲကအဆိုးဆုံးကိစ္စတွေပဲဖြစ်ကြပါတယ်။ စီးပွားရေးအဖွဲ့အစည်းထဲမှာကြုံတွေ့ရတတ်တဲ့ လာဘ်ပေးလာဘ် ယူကိစ္စဟာ အဲဒီအဖွဲ့အစည်းရဲ့ရှေ့ရေးကို အဆိုးဝါးဆုံးထိခိုက်စေ လိမ့်မယ်။
ဘယ်လိုစီးပွားရေးအဖွဲ့အစည်းမျိုးပဲဖြစ်စေ ရှိသင့်ရှိ ထိုက်တဲ့စီးပွားရေးကိုယ်ကျင့်တရားကို အကောင်းဆုံးမတည် ဆောက်နိုင်ရင် အဲဒီအဖွဲ့အစည်းရဲ့အနာဂတ်ဟာ မှိန်ဝါးနေလိမ့် မယ်။ ဒါထက်ဆိုးလာရင်တော့ ကျဆုံးပျက်စီးသွားဖို့ပဲရှိလိမ့်မယ်။ ဒါတွေကို ဘယ်သူမဆိုသတိထားပြီး စီးပွားရေးကိုယ်ကျင့်သိက္ခာ တွေတည်ဆောက်စေချင်တယ်။ ထွန်းကားအောင်ပြုစုပျိုးထောင် စေချင်တယ်။

မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲ

ရေးသူ-အစိုင်း 

Self-confidence ကို လူတော်တော်များများသိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လိုက်နာမှုအားနည်းတာကြောင့် အမှန် တကယ် ကိုယ်ရှိနေတဲ့ Level ၊ ကိုယ်သိထားတဲ့ Knowledge တွေက ကျားဖြစ်နေပေမဲ့ လုပ်ဆောင်ချက်တွေမှာ ကြောင်သာသာ ဖြစ်နေရတာတွေတွေ့ကြရမှာပါ။ ကျွန်တော်တို့တစ်တွေရဲ့ဘ၀ရှု ထောင့်ကဏ္ဍပေါင်းစုံမှာ Self-confidence ရဖို့ နေ့စဉ်နဲ့အမျှ လှုပ်ရှားရုန်းကန်နေကြရပါတယ်။ ၀မ်းနည်းဖို့ကောင်းတာက လူတွေ မှာ Self-confidenceခန ချို့တဲ့တဲ့အတွက် စက်ဘီးစီးရာမှာ ဘီး ပေါက်တယ်ဆိုတဲ့အပြစ်အနာအဆာလေးတစ်ချက်ကြောင့် လိုရာကို လွယ်လွယ်ကူကူမရောက်နိုင်သလို အောင်မြင်မှုပန်းတိုင်ကိုရောက် ရှိဖို့ ဘ၀မှာခက်ခဲနေကြတာတွေ့ကြရမှာပါ။ ဒီလိုခက်ခဲမှုရလဒ်တွေ ကြုံတွေ့လာရပြီးနောက် အလားတူပန်းတိုင်မျိုးဆွတ်ခူးဖို့ စိတ်မပါ တော့ဘဲ ကြောက်ရွံ့တွန့်ဆုတ်မှုတွေ၊ စမ်းတ၀ါးဝါးလုပ်ဆောင်မှု တွေ၊ အလွန်အမင်းငြင်းဆန်တောင်းပန်လာမှုတွေကို ဇောင်းပေး အသားပေးလာပါတော့တယ်။ ဒါဆိုသင်ဟာ ယုံလွယ်အောင်ပြော တတ်တဲ့၊ တစ်ပါးသူရဲ့စည်းရုံးမှုအောက်မှာ သူသိထားတာကိုပဲ လုပ်လုပ်၊ မသိတာကိုပဲလုပ်လုပ် သင်ကတော့ ထောက်ခံဖို့အသင့် ဖြစ်နေတော့တာပါပဲ။
Self-confidence ကိုတည်ဆောက်ဖို့ အရေးကြီးဆုံး အခြေခံအချက်က သတ္တိ (Courage) ပါပဲ။ ‘Courage is when you are scared, and in spite of your fear, you do what has to be done.’’’ ကြောက်ပေမဲ့ လုပ်သင့်လုပ်ထိုက်တာကိုလုပ် လိုက်တာဟာ သတ္တိပါပဲ။ တကယ်တော့ ယုံကြည်မှုခွန်အားရစေဖို့ သတ္တိရှိဖို့လိုသလို သတ္တိရှိဖို့အတွက်လည်း ယုံကြည်မှုခိုင်ခိုင်မာမာ တော့ရှိရမှာပါ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ သဘောတရားပါပဲ။
ကျွန်တော်တို့ဟာ လူတွေကိုလှုံ့ဆော်ဖို့ ငွေဆိုတာ အရေး တကြီးလိုအပ်မယ်မထင်ဘူး။ 
တရားနည်းလမ်းကျတဲ့လှုံ့ဆော်မှုရှိ ဖို့ အဓိကအရေးကြီးဆုံးက မိမိကိုယ်မိမိယုံကြည်မှုတည်ဆောက် လိုက်တာပါပဲ။ မိမိရဲ့ပရိသတ်၊ သူငယ်ချင်း၊ အထက်လူကြီး၊ ဖောက် သည်၊ အဆင့်အတန်းတူသူစသဖြင့် သူတို့နဲ့ပလဲနံပသင့်အောင် ပေါင်းနိုင်ဖို့ Self-confidence ရှိကိုရှိရပါမယ်။ သူတို့ဆီက ယုံကြည်မှုရရှိပြီဆိုတာနဲ့ သင်ဟာ အောင်မြင်မှုတံခါးပေါက်ရဲ့ သော့ချက်ကိုရှာတွေ့လိုက်တာပါပဲ။ Self-confidence ရှိလာ တာနဲ့ စန္ဒီမြင့်လွင်သီချင်းထဲကလို စကားလုံးလှလှလေးနဲ့လာ မချုပ်နဲ့" မဟုတ်တော့။ စကားလုံးလှလှလေးနဲ့ လူတွေကိုလွှမ်းမိုး ချုပ်ကိုင်နိုင်ဖို့အသင့်ဖြစ်နေပါပြီ။ စကားလုံးလှလှလေးတွေပြော တတ်ဖို့အတွက် အတိုကောက် ၇ဃ ကို အလွယ်တကူမှတ်သားထား နိုင်ပါတယ်။ Clear ၊ Correct ၊ Complete ၊ Concise ၊Consistent ၊ Courtesy ၊Convincing တို့ပါပဲ။ Clear သင်ပြောတဲ့ စကားလုံးတွေက ရှင်းရှင်းလင်းလင်းဖြစ်ရပါမယ်။ Correct သင် ပြောတဲ့ရှင်းလင်းတဲ့စကားလုံးတွေက အမှန်တွေဖြစ်ရပါမယ်။ Complete သင်ပြောတဲ့အမှန်တွေက ကျစ်လျစ်ပြည့်စုံရပါမယ်။ Concise သင်ပြောတဲ့ပြည့်စုံမှုဟာ လိုတိုရှင်းဖြစ်ရပါမယ်။Consistent သင်ပြောတဲ့လိုတိုရှင်းစကားလုံးဟာ ပရမ်းပတာမဟုတ်ဘဲ ရှေ့နောက်ညီရပါမယ်။ Courtesy သင်ပြောတဲ့ရှေ့နောက်ညီ စကားလုံးတွေဟာ တစ်ပါးသူနားမှာနားဝင်ချိုပြီးယဉ်ကျေး သိမ်မွေ့နေရပါမယ်။ Convincing သင်ပြောတဲ့ယဉ်ကျေး သိမ်မွေ့ မှုဟာ အများနားလည်သဘောပေါက်ယုံကြည်စိတ်ချရမယ် ဆိုတာပါပဲ။
သင့်ရဲ့Self-confidenceန အဆင့်အတန်းကို သင့်ရဲ့ နေထိုင်မှုအလေ့အကျင့်၊ လက်ဟန်ခြေဟန်စကားပြောပုံအနေ အထား၊ ဘယ်လိုစကားပြောသလဲ၊ ဘာတွေကိုပြောသလဲ စသဖြင့် နည်းလမ်းများစွာနဲ့ပြသနိုင်ပါတယ်။
Self-confidence ရှိသူမှာ တခြားသူတွေရဲ့ ဝေဖန် ကဲ့ရဲ့မှုတွေ၊ ပျက်ရယ်ပြုမှုတွေရှိနေတာတောင်မှ မိမိယုံကြည်ရာကို လုပ်ကြတယ်။ စွန့်လွှတ်စွန့်စားလုပ်ရတဲ့အလုပ်မျိုးကို လိုလို လားလားလက်ခံပြီး အောင်မြင်အောင်လုပ်ပြကြတယ်။ လုပ်ခဲ့သမျှ မှားယွင်းမှုတွေကိုဝန်ခံပြီး အမှားတွေထဲက သင်ခန်းစာယူတတ် ကြတယ်။ လုပ်ဆောင်ချက်ပြီးမြောက်မှုအပေါ် အခြားလူတွေရဲ့ ချီးကျူးထောပနာပြုမှုကို စောင့်ဆိုင်းနေတတ်ကြတယ်။ တစ်ပါးသူ တွေရဲ့ချီးမွမ်းစကားကို "ကျွန်တော် တကယ်ပဲ အဲဒီအပေါ်မှာကြိုး စားပြီးလုပ်ခဲ့ရတယ်။ ကျွန်တော့်ရဲ့အရည်အချင်းကိုအသိအမှတ် ပြုတဲ့အတွက် ကျေးဇူးပါပဲ" လို့ ချစ်ခင်နှစ်သက်ဖွယ်ပြန်ပြောတတ် ကြတယ်။ ဒါမှမိမိကိုယ်မိမိ အားရကျေနပ်လာမယ်၊ ယုံကြည်မှုတွေ တိုးပွားလာမယ်။ အကောင်းထဲက အဆိုးအနေနဲ့ Over Self-confidence မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲလွန်းရင်လည်း ပညာလွန် တော့ မာနဖြစ်ရပါတယ်။ မောက်မာဝင့် ကြွားတာမျိုးမဖြစ်စေဖို့ Remind သတိကပ်ဖို့တော့လိုတာပေါ့။ Remind လုပ်ဖို့ Result ရလဒ်နဲ့ Review ပြန်လည်ဆန်းစစ်ဖို့တော့လုပ်ရမှာပါ။ 

Self-confidence နဲ့ Self-confidenceလွန်ကဲနေ တတ်တဲ့သူတွေမှာရှိတတ်တဲ့ ပုဂ္ဂလအရည်အချင်းတွေက ဒွန်တွဲနေ တတ်တယ်။ ပြောဆိုပြုမှုပုံတွေပေါ်မူတည်ပြီး ခွဲခြားကြည့်ရမှာပါ။ အောက်ပါအချက်တွေနဲ့တိုင်းတာကြည့်ပါမယ်။
၁။ ပုဂ္ဂိုလ်ရေးအရည်အချင်းရှိခြင်း
၂။ Óဏ်ပညာကြီးမားခြင်း
၃။ တရားမျှတခြင်း
၎။ စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် တည်ကြည်ဖြောင့်မတ်ခြင်း
၅။ ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း
၆။ ပရိယာယ်ကြွယ်ဝခြင်း
၇။ သွက်လက်ဖျတ်လတ်ခြင်း
၈။ ခွန်အားကြီးမားခြင်း
၉။ ရုပ်ရည်ချောမောလှပခြင်း
၁၀။ အရွယ်ရောက်ခြင်း
၁၁။ ဥစ္စာဓနကြွယ်ဝခြင်း
၁၂။ မျိုးရိုးမြင့်မြတ်ခြင်း

နံပါတ် ၁ ကနေ ၇ ထိက Self-confidence ရှိသူတွေ ရဲ့ Intelligence ဥာဏ်ပညာနဲ့ Effort ကြိုးစားအားထုတ်မှုဖြစ် လို့ လုံးဝသေချာပေါက်ဖြစ်ပြီး တချို့တွေမှာ နံပါတ် ၈ ကနေ ၁၂ အထိက ရုပ်ပိုင်းဆိုင်ရာအရည်အချင်းပေါ်အားကိုးပြီး Self-confidence လွန်ကဲတတ်ကြပါတယ်။

ဟီရိသြတ္တပ္ပမရှိတဲ့ အရှက်တရား Immodesty ဟာ Self-Confidence လွန်ကဲမှုရဲ့ရလဒ်ပဲဖြစ်ပြီး တစ်ခုခုလုပ်ရမှာ၊ ပြောလိုက်ရမှာ၊ မိမိသွင်ပြင်အနေအထားကိုသိမ်ငယ်ပြီး ရှက်နေ တဲ့အရှက်တရား၊ Shame ကတော့ Low Self-confidence ရဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ Low Self-confidence တွေရဲ့ အကြောက်တရားနှစ်မျိုးက အကြောင်းရင်းကိုသိလို့ကြောက်တဲ့ အကြောက်တရား(Fear) နဲ့ အကြောင်းရင်းလည်းမသိ ဘာမှန်း မသိတဲ့ ခဲမှန်ဖူးတဲ့စာသူငယ်လိုအကြောက်တရား(Dread)တို့ပဲ ဖြစ်ပါတယ်။ Low Self-confidence ရှိသူတွေနဲ့ အကြောက် တရားတွေကို နေ့စဉ်တွန်းလှန်ဖို့ မိမိကိုယ်ကိုလေ့ကျင့်ယူရမှာဖြစ် ပါတယ်။ လူဆိုတာကတော့ ပြည့်စုံတယ်ရယ်လို့မရှိပါဘူး။ မရှိသေး တဲ့ပြည့်စုံမှုအတွက် မိမိစရိုက်လက္ခဏာ Characteristic တွေကို ပြင်ယူလေ့ကျင့်ယူရတာဖြစ်ပါတယ်။ လေ့ကျင့်မှုများလာရင် အလေ့ Habit ဖြစ်လာပြီး မိမိစရိုက်လက္ခဏာအနေနဲ့ အသွင်ပြောင်း သွားတော့တာပါပဲ။ ကိုယ်မထိတွေ့ဖူးတဲ့အရာ၊ ကိုယ်မသိသေးတဲ့ အရာတွေနဲ့ကြုံတွေ့ရတဲ့အခါမျိုးမှာလည်း Low Self-confidence ဖြစ်တတ်ကြပါတယ်။ ဒါကသဘာဝကျနိုင်ပြီး စူးစမ်းလေ့ လာဖို့ သတ္တိနဲ့ အချိန်တစ်ခုတော့လိုပါလိမ့်မယ်။ 

Low Self-confidence ရှိသူတွေမှာ တခြားလူတွေး ထားသမျှ ညွှန်ပြသမျှကိုပဲအခြေခံပြီး ကိုယ်ပိုင်အတွေးအခေါ် မထုတ်ဘဲ အသင့်စားလုပ်ဆောင်တတ်ကြတယ်။ စွန့်စားမှုတွေနဲ့ ကျရှုံးသွားမှာကိုကြောက်တဲ့ကြောက်ရွံ့မှုတွေ ကြုံတွေ့ရမှာစိုးတဲ့ အတွက် သက်သောင့်သက်သာပဲရှိတဲ့ မလုပ်မရှုပ်မပြုတ်ထဲမှာပဲ နေတတ်ကြတယ်။ အမှားတွေကိုဖုံးကွယ်ဖို့ကြိုးစားပြီး တစ်စုံ တစ်ယောက်မသိခင် ကိုယ့်ဘာသာကိုယ်ဖြေရှင်းလိုက်နိုင်မှာပဲလို့ မျှော်လင့်ထားတတ်ကြတယ်။ မိမိရဲ့လက်ကိုင်တရားဟာ တခြားလူ တွေလိုဖြစ်နိုင်ခြေရှိတယ်လို့ မကြာခဏဆိုသလို မိမိဘာသာထုတ် ဖော်ချီးကျူးနေတတ်တယ်။ ]]အဲဒါက အမှန်တကယ်က ဘာမှ မဟုတ်ပါဘူးကွာ ဘယ်သူမဆိုလုပ်တတ်တာပဲ}} လို့ တစ်ပါးသူရဲ့ ချီးကျူးထောမနာပြုမှုကို ပယ်ရှားပစ်တတ်ကြတယ်။ မိမိကိုယ်ကို ကျိုးနွံစွာနေတာ၊ ချီးမွမ်းမခံရဲတာတွေဟာ ကြာလာတာနဲ့အမျှ Low Self-confidence ဖြစ်လာတော့တာပါပဲ။ မြှောက်လုံးပင့် လုံးတွေကိုလည်း ကြောက်ရွံ့တဲ့အတွက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူတော်တော်များများက ကျိုးနွံစွာနေတာ၊ သိမ်ငယ်စွာနေတာကို ရောင့်ရဲတတ်တယ်လို့ အရှေ့တိုင်းသားတွေကမှတ်ယူပြီး အမှတ် ပေးကြတယ်။ အမှန်တကယ်က အရှိကိုအရှိအတိုင်းမြင်ပေးရမှာပါ။ လူတစ်ယောက်ဟာ ချီးမွမ်းထိုက်တယ်ဆိုရင် မြှောက်လုံးပင့်လုံး မပါဘဲချီးမွမ်းပြီး၊ ချီးမွမ်းခံရသူဟာလည်း မိမိလုပ်ဆောင်ချက် အပေါ် မိမိအားရကျေနပ်မယ်ဆိုရင် လူ့အဖွဲ့အစည်းတွေဟာ ပိုပြီးတိုးတက်ဖို့ရာပဲရှိမယ်။ ပင်ကိုအရည်အချင်းထက် ကြိုးစားမှု ၀ီရိယကိုအသိအမှတ်ပြုတာက ပိုကောင်းမယ်ထင်တယ်။ အရမ်းကို Sensitive ဖြစ်လွန်းတဲ့ Low Self-confidence ရှိသူတွေဟာ အဆိုးဆုံးပြောရရင် ပြဿနာကိုရင်မဆိုင်ရဲဘဲ မိမိကိုယ်ကိုသေ ကြောင်းကြံစည်မှုကြီးတွေပါ လုပ်ကြတာကိုတွေ့ကြရမှာပါ။
Self-confidence မှာ Self-efficacy မိမိကိုယ်စွမ်း ကိုယ်စနဲ့ Self-esteem မိမိကိုယ်ကိုတန်ဖိုးထားမှုတို့ရှိနေတယ်။ Self-efficacy မှာ မိမိကျွမ်းကျင်တတ်မြောက်ထားတဲ့ အတတ် ပညာနဲ့ပန်းတိုင်ကိုရရှိမယ်လိမ့်မယ်လို့ မိမိအရည်အချင်းကို အာရုံ သိဖြစ်နေကြတယ်။ လေ့လာသင်ယူမှုနဲ့ ပြင်းပြင်းထန်ထန်ကြိုးစား အားထုတ်ရင် အောင်မြင်လိမ့်မယ်လို့ယုံကြည်ကြတယ်။ ဒီယုံကြည် မှုပေါ်မူတည်ပြီး လူတွေကိုဦးဆောင်ဖို့ရာ ခက်ခဲလွန်းတဲ့စိန်ခေါ်မှု တွေနဲ့ရင်ဆိုင်ရမယ့်အဟန့်အတားတွေရှိနေလိမ့်မယ်လို့ လက်ခံ ထားကြတယ်။ Self-esteem မှာ ယေဘုယျအားဖြင့် မိမိတို့ရဲ့ဘ၀ ရှင်သန်မှုကို နိုင်နိုင်နင်းနင်းထိန်းကျောင်းနိုင်မယ်၊ ပျော်ရွှင်မှုတွေ အမှန်တကယ်ရှိလာလိမ့်မယ်လို့ အာရုံသိဖြစ်နေကြတယ်။ ပျော် ရွှင်မှုတွေရဖို့ရာ အသိလေးမြင့်ဖို့ တန်ဖိုးထားလာကြတယ်။ မိမိ ကိုယ်ကိုတန်ဖိုးထားလာတာနဲ့အမျှ ယုံကြည်မှုတွေ၊ လက်ခံနိုင်စွမ်း တွေမြင့်တက်လာတယ်။

မိမိကိုယ်မိမိ ယုံကြည်မှုဘယ်လိုတည်ဆောက်ကြမလဲ
ဘ၀မှာ လုပ်ငန်းခွင်အတွင်း မိမိကိုယ်မိမိယုံကြည်မှု တည်ဆောက်ဖို့အချက်တွေကတော့-

၁။ ဘာတွေကို အောင်မြင်ခဲ့ဖူးပြီးပြီလဲဆိုတာကိုမြင်ကြည့်ပါ။
၂။ သင်ရဲ့အားသာချက်တွေ၊ အားနည်းချက်တွေကို သုံးသပ် ကြည့်ပါ (SWOT Analysis)။
၃။ ဘာတွေက သင့်အတွက်အရေးကြီးဆုံးလဲဆိုတာနဲ့ ဘယ် နေရာကိုသွားဖို့ သင်အလိုရှိတာလဲတွေးပါ။
၎။ သင်ရဲ့စိတ်ကို အနုတ်သဘောဆောင်တဲ့အပြောအဆိုတွေ ရှောင်ကြဉ်ဖို့တွေးပါ။
၅။ အောင်မြင်မှုကိုရရှိဖို့အတွက် သင့်ကိုယ်သင်ကတိပေးပါ။
၆။ အောင်မြင်မှုကိုရရှိဖို့အတွက် လိုအပ်တဲ့အသိပညာကို ရှာဖွေစုဆောင်းပါ။
၇။ အခြေခံကျမယ့်အချက်အလက်တွေအပေါ်မှာသာ အာရုံ စူးစိုက်ပါ။
၈။ ပန်းတိုင်ကြီးကြီးမရောက်ခင် ပန်းတိုင်ငယ်လေးတွေခွဲ ထုတ်ပြီး အောင်မြင်မှုရယူကြည့်ပါ။
၉။ ကျရှုံးမှုကိုကြံ့ကြံ့ခံမယ့်စိတ်ဓာတ်မျိုး ထိန်းသိမ်းမွေးမြူပါ။
၁၀။ အပေါ်ကအချက်တွေကိုလိုက်နာပြီး အောင်မြင်မှုဆီကို အရှိန်အဟုန်ဖြင့်ရွှေ့ပါ။

ဘ၀မှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ချစ်ခင်လေးစား ရသူတွေနဲ့တွေ့ဆုံတဲ့အခါ 
မိမိကိုယ်မိမိယုံကြည်မှုရှိစေဖို့နည်းလမ်း တချို့ကတော့

၁။ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချရမှုနည်းတာ၊ ရှက်တာ၊ အဆင့်အတန်းနိမ့်တာ၊ ရုပ်ရည်မလှမပမတင့်မတယ် ဖြစ်တာ၊ နောင်တရခဲ့၊ ရတာစတဲ့မချင့်မရဲဖြစ်ခဲ့ရသမျှ စာရွက်တစ်ရွက်ပေါ်ချရေးပြီး ငိုပစ်လိုက်၊ စာရွက်နဲ့မျက် ရည်သုတ်ပစ်ပြီး အားရအောင်စုတ်ဖြဲပစ်လိုက်ပါ။ အားလုံးကို စာရွက်ထဲမှာမေ့ပြီး အပေါင်းလက္ခဏာ ဆောင်မယ့်အချက်တွေကို သတ်မှတ်လုပ်ဆောင်ပါ။
၂။ မိမိအရင်းနှီးဆုံး သူငယ်ချင်း၊ ချစ်ရသူနဲ့ ကိုယ့်အပေါ် နားလည်ပေးနိုင်သူနဲ့ဆွေးနွေးပါ၊ တိုင်ပင်ပါ၊ ဖွင့်ပြောပါ၊ စိတ်ပေါ့ပြီး ယုံကြည်မှုတိုးစေပါတယ်။
၃။ လူဆိုတာ အမှားနဲ့ကင်းတာမှမရှိတာ၊ ဒါကြောင့် အမှား တွေပေါ်မှာပဲယူကြုံးမရဖြစ်ပြီး သိမ်ငယ်မနေပါနဲ့။ အမှား တွေထဲကသင်ခန်းစာယူပြီးရှေ့ချီတက်ပါ။
၎။ သင့်ရဲ့အောင်မြင်ခဲ့မှုတွေကို အဓိပ္ပာယ်ရှိရှိသတ်မှတ်ပါ။ လူဆိုတာက တစ်နေရာမဟုတ်တစ်နေရာ ထူးချွန်တာ ချည်းပါပဲ။ တချို့က အားကစားမှာတော်တယ်၊ တချို့က အနုပညာမှာတော်တယ်၊ တချို့က စာပေဗဟုသုတ ကောင်းတယ် စသဖြင့် မိမိကိုယ်မိမိသတ်မှတ်ပြီး အားရ ကျေနပ်မှုယူပါ။
၅။ မိမိမှာရှိတာတွေကို ကံအရဖြစ်ဖြစ်၊ ဘုရားသခင်က ပေးတာပဲဖြစ်ဖြစ် ကျေးဇူးတင်လိုက်ပါ။ ပြည့်စုံတဲ့မိသားစု ကိုယ့်မှာရှိတာ၊ ငွေကြေးချမ်းသာတာ၊ ခမ်းခမ်းနားနား အိမ်ကြီးမှာနေရတာစသဖြင့် ဘ၀မှာလူဖြစ်ရတာကို ကျေးဇူးတင်လိုက်ပါ။
၆။ အပေါင်းလက္ခဏာဆောင်ပါ၊ တခြားလူတွေရဲ့အားနည်း ချက်တွေကိုဝေဖန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၊ စာနာပါ၊ သနားပါ၊ ကိုယ်ချင်းစာကြည့်ပါ။
၇။ တစ်ပါးသူရဲ့ချီးမွမ်းတာကိုချီးမွမ်းခံရဲပြီး အပြုံးနဲ့ကျေးဇူး တင်ကြောင်းတုံ့ပြန်ပါ။
၈။ နေ့စဉ်မှန်ရှေ့မှာရပ်ပြီး ကိုယ့်မျက်နှာကိုကြည့်ပြီးစိတ်ပါပါ ပြုံးကြည့်ပါ။
၉။ အယောင်ဆောင်ဟန်ဆောင်မှု၊ ဟာသစတဲ့ ပေါ့ပေါ့ ပါးပါးလုပ်ရပ်မျိုးကို တစ်ပါးသူကိုပျော်ရွှင်အောင်စပါ။ မိမိလည်းပျော်ရွှင်လာပြီး ယုံကြည်မှုတိုးလာပါလိမ့်မယ်။
၁၀။ မိမိရဲ့စံနမူနာအလေ့အထ၊ ကောင်းတဲ့အလေ့အကျင့် တွေကိုလိုက်နာပါ၊ ဆေးလိပ်မသောက်ဘူး၊ အရက် မသောက်ဘူး၊ လာဘ်မစားဘူး စသဖြင့် ကိုယ်ကျင့်တရား ထိန်းကြည့်ပါ။
၁၁။ ပတ်ဝန်းကျင်မှာရှိတဲ့ တစ်ပါးသူနဲ့အပြန်အလှန်အကူ အညီပေးပါ၊ ယူပါ၊ ကျေးဇူးပဲလို့ပြောပါ။
၁၂။ မိမိကိုယ်မိမိ ပြီးပြည့်စုံတဲ့ သိသူတတ်သူဖြစ်ကြောင်း သတ်မှတ်ခြင်းမှရှောင်ကြဉ်ပါ။ သင့်ရဲ့ပန်းတိုင်ကို ထိန်းသိမ်းပါ။
ဒါမှ ကျွန်တော်တို့ဟာ လူအချင်းချင်း Face to Face ပြောရဲလာမယ်။ မျက်လုံးချင်း Eye Conact ရှိလာမယ်။ မိမိပေး လိုတဲ့ Messageတွဟာလည်း ပိုပြီးယုံကြည်စိတ်ချဖွယ်ဖြစ်လာ ပါလိမ့်မယ်။ ဘာသာရေးယုံကြည်မှုတွေဟာလည်း မိမိကိုယ်မိမိ ယုံကြည်စေရတဲ့အချက်တွေထဲကတစ်ချက်ဖြစ်ပါတယ်။ မိမိကိုယ် မိမိ ယုံကြည်မှုတိုးပွားပြီး ဘ၀မှာအညွန့်တလူလူတက်နေတဲ့လူငယ် လူရွယ်တွေဖြစ်ကြပါစေဗျာ။

နှလုံးသားပုံ ရိ(ဒ်) ရေကန် (သို့မဟုတ်) ချင်းတောင်တန်းပေါ်က အံ့ဖွယ် အလှတရား

(ဆောင်းပါး / ဧရာဝတီ)
အိန္ဒိယ-မြန်မာ နယ်စပ်၊ ချင်းပြည်နယ်ထဲက စိမ်းညို့ညို့တောင်တန်းကြီးတွေရဲ့ အလယ်မှာ ပြုပြင်ခြင်း မရှိဘဲ သဘာဝအတိုင်း နှလုံးသားပုံ ပုံသဏ္ဌာန် ဖြစ်တည်နေတဲ့ ရိ(ဒ်) ရေကန်ဟာ မြင်ရသူ အဖို့တော့ အံ့ဖွယ်အလှတရားလို့ စိတ်ထဲမှာ မြင်မြင်ချင်း ရေရွတ်မိပါလိမ့်မယ်။
ရိ(ဒ်) ရေကန်ဟာ မြန်မာနိုင်ငံမှာတင်မက ကမ္ဘာပေါ်မှာ ရှိတဲ့ ရေကန်တွေအနက် အသည်းနှလုံး ပုံသဏ္ဌာန်နဲ့ အတူဆုံး ရေကန်ရယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြကြတာကိုလည်း ဖတ်ရှုဖူးပါတယ်။ ရေကန်ရဲ့ သွင်ပြင်လက္ခဏာက ထူးခြားဆန်းပြားနေသလို သူ့ကို ပံ့ပိုးနေကြတဲ့ အလှတရားတွေကလည်း အခိုင်အမာကို တည်ရှိနေတာပါ။

အသည်းပုံ ရိ(ဒ်) ရေကန်ရဲ့ ဘေးပတ်လည်မှာ စည်းရိုးပုံသဏ္ဌာန် ရစ်ဝိုင်းပေါက်နေတဲ့ မိုးမခပင်တွေရဲ့ အလှတရား ကလည်း ထူးခြားနေသလို အဲဒီ မိုးမခပင်တွေဟာ ရိ(ဒ်) ရေကန်ရဲ့ အလှတရား ပျက်မသွား အောင် ကာကွယ်ဖို့ သစ္စာခံပြီး ဝန်းရံပေါက်နေ သလားလို့တောင် ထင်စရာပါ။
ရိ(ဒ်)ရေကန်ကို အပေါ်စီးကနေ ကြည့်လိုက်ရင် ဘေးပတ်လည်မှာ ရစ်ဝိုင်းပေါက်နေတဲ့ မိုးမခပင်တွေဟာ သေသပ် လှပတဲ့ အနားကွပ်တခုနဲ့ တူနေပြီး ရေကန်ကြီးရဲ့ အသည်းနှလုံးပုံ အလှတရားကို တိုက်စားပျက်စီး မသွားအောင် ထိန်းသိမ်း ပေးနေတဲ့ စည်းရိုးနဲ့လည်း တူနေပြန်ပါတယ်။ အဲဒီ မိုးမခပင်တွေကို ဒေသခံတွေ ကတော့ သူတို့ရဲ့ ယုံကြည်မှုအရ “ဝိညာဉ်ခြံစည်းရိုး” လို့ တင်စားခေါ်ဝေါ်ကြ ပါတယ်။
ဒါတင်မကသေး၊ မိုးမခပင်တွေရဲ့ အကိုင်းတွေပေါ်မှာ ဆိုရင်လည်း ဖူးပွင့်ဝေဆာနေတဲ့ ရောင်စုံသစ်ခွပန်းတွေ၊ ရေကန်စပ်မှာ ပေါက်နေတဲ့ အညိုရောင် ဗေဒါပန်းတွေ၊ ကြာဖြူ ကြာနီတွေ ဖူးပွင့် နေကြပုံဟာလည်း ရိ(ဒ်) ရေကန်ရဲ့ အလှတရားကို ပံ့ပိုးနေကြတယ် လို့ ထင်မှတ်ရပါတယ်။
ရိ(ဒ်) ရေကန်ရဲ့ ထူးခြားချက်တွေထဲမှာ ဒီရေကန်ထဲက ရေဟာ တနှစ်တခါ နောက်လေ့ ရှိပြီး ရေနောက် ချိန် ဟာ တပတ်လောက် ကြာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီဖြစ်စဉ်ဟာ ချမ်းအေးလွန်းတဲ့ ခရစ္စမတ်ကာလမှာ ဖြစ်ပြီး မိုးလည်းမရွာ၊ ချောင်းရေ၊ မြောင်းရေလည်း စီးမဝင် ဘဲ အလိုလျောက် နောက်ကျိတာလို့ ဆိုပါတယ်။

ရိ(ဒ်) ရေကန်ကို လာလည်ကြသူတိုင်းဟာ ပြန်တဲ့အချိန်မှာ ကန်ထဲကရေကို ရေဘူး၊ ဒါမှမဟုတ် ပုလင်းတွေနဲ့ ခပ်ယူ သယ်ဆောင် သွားကြပါတယ်။ ခပ်ယူသွားတဲ့ ရေဟာ နယ်ဘယ်လောက်ဝေးဝေး ရိ(ဒ်) ရေကန်ထဲက ရေတွေ နောက်တဲ့ အချိန်မှာ သယ်ယူသွားတဲ့ ရေဟာလည်း တပြိုင်တည်း နောက်တယ်လို့ ဆိုကြပါတယ်။
ဒါနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်ထားမှုတွေ မရှိသေးပေမယ့် ခေတ်ပညာတတ် တချို့ကတော့ ရေကန် ရဲ့ အောက်မှာ အပူဓာတ်ရှိတဲ့ သဘာဝဖြစ်စဉ် တချို့ ရှိနိုင်ပြီး အအေးလွန်တဲ့ ကာလမှာ အနွေးဓာတ် ရှိနေတဲ့ အောက်ရေပြင်က အအေးဓာတ်ရှိနေတဲ့ အပေါ်ရေပြင်ကို ချော်ရည်၊ ရွှံ့မြေတွေနဲ့ ရောနှော တိုးထွက်လာ တဲ့ ရေသံသရာလည်ခြင်း Water Circulation မျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။
ရိ(ဒ်) ရေကန်ဟာ အိန္ဒိယ-မြန်မာ နယ်စပ် ချင်းပြည်နယ်၊ ဖလန်းခရိုင် ရိခေါဒါရ် မြို့လေးနဲ့ နှစ်မိုင်လောက် အကွာက တောင်တန်းတွေ ပေါ်မှာ တည်ရှိပါတယ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲ့ နယ်စပ်မျဉ်းနဲ့လည်း ၂ မိုင်လောက်သာ ကွာဝေးပါ တယ်။ ရေကန်ရဲ့ အရှေ့ဘက်ထိပ်ကနေ အနောက် ဘက်ကို လှမ်းမျှော် ကြည့် လိုက်ရင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ထဲက အဆောက်အအုံတွေကို တွေ့မြင် နေရပါတယ်။
ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၁၉၀ဝ ကျော်မှာ တည်ရှိပြီး ရေကန်ရဲ့ ပတ်လည် အကျယ်အဝန်း ကတော့ ၂ ဒသမ ၅ မိုင် ရှိတယ် လို့ သိရပါ တယ်။ ရေရဲ့ အနက်ကတော့ ပျမ်းမျှ ပေ ၅၀ ရှိပြီး အနက် ဆုံးနေရာကတော့ ပေ ၆၀ ထိ ရှိလိမ့်မယ် လို့ ပညာရှင်တွေရဲ့ တိုင်းထွာထားချက်တွေ အရ သိရပါတယ်။
ရေကန်ရဲ့ မြောက်ဘက်က တောင်ကုန်းပေါ်မှာ ရိ(ဒ်) ကျေးရွာလေး ရှိပြီး ဒီရွာသားတွေဟာ ရိ(ဒ်) ရေကန် ကြီးကို အမြတ်တနိုး တန်ဖိုးထားကြသလို ကန်ကြီးအနီးမှာ ကြီးပြင်းလာရတဲ့ သူတို့ရဲ့ ဘဝကို ဂုဏ်ယူနေကြပါတယ်။

“ကျနော်တို့ ယုံကြည်မှုအရ ရိ(ဒ်) ရေကန်ဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။ နောက်တခုက ရိ(ဒ်) ရေကန်ရှိလို့ ကျနော်တို့ ရိ(ဒ်) ရွာကို လူပိုသိလာတာ။ ရိ(ဒ်)ရေကန်သာ မရှိရင် တောင်ကြားထဲမှာ ရှိနေတဲ့ ကျနော်တို့ရွာ လေးကို ဘယ်သူမှ တောင် အသိအမှတ် ပြုကြမှာ မဟုတ်ဘူး” လို့ ရိ(ဒ်) ရွာသား မီဇိုးတဦးက ပြောပါတယ်။
ရိ(ဒ်) ကျေးရွာနဲ့ ရိခေါဒါရ်မြို့လေးမှာ နေထိုင် သူ အများစုကတော့ ချင်းမျိုးနွယ်စုဝင်တွေ ဖြစ်တဲ့ မီဇိုး တိုင်းရင်းသား တွေ ဖြစ်ကြပါတယ်။ ရိ(ဒ်) ရေကန်ဟာ ဒေသခံ မီဇိုး တိုင်းရင်းသားတွေ အတွက်တော့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်း တွေ၊ ယုံကြည်စွဲလမ်းမှု တွေနဲ့အတူ အမြတ်တနိုး တန်ဖိုးထားရတဲ့ အမှတ်သင်္ကေတ တခုအဖြစ် ရှိနေဆဲပါ။
ဒဏ္ဍာရီ ဇာတ်လမ်းတွေနဲ့ စွဲထင်နေတဲ့ ရိ(ဒ်) ရေကန်ကြီးကို ဒေသခံတိုင်းရင်းသားတွေက ချင်း ပြည်နယ်ရဲ့ နှလုံးသား၊ မီဇိုး တိုင်းရင်းသားတွေရဲ့ ဝိညာဉ်လို့ တင်စားခေါ်ဝေါ် ကြပါတယ်။ သူတို့ အကြားမှာတော့ ဒီရေကန်နဲ့ ပတ်သက်ပြီး တချို့ကလည်း ရိ(ဒ်) နတ်မင်းကြီး စံစားရာ နတ်ဘုရားရေအိုင်၊ တချို့ကလည်း နတ်သမီးရေကန်၊ တချို့ကလည်း သစ္စာရေကန် စသဖြင့် ယုံကြည်စွဲလမ်းမှု အမျိုးမျိုးရှိ ကြပါတယ်။
ဒီအထဲမှာ အများဆုံး ပြောဆိုနေကြတာက တော့ မီဇိုးတယောက် သေဆုံးသွားတဲ့အခါ သေဆုံး သူရဲ့ ဝိညာဉ်ဟာ ဘဝတပါးကို နောက်ဆံတင်းမှု ကင်းစွာနဲ့ ကူးပြောင်းနိုင်ဖို့အတွက် ရိ(ဒ်) ရေကန်ကို လာရပြီး အတိတ်ဘဝမေ့ စမ်းရေကြည်ကို သောက်ကာ နောက်မလှည့်ပန်းကို ပန်ကြရတယ် လို့ ဆိုပါတယ်။
ဒီအခါမှာ သေဆုံးသူရဲ့ ဝိညာဉ်ဟာ အတိတ်ဘဝကို တမ်းတစိတ်တွေ ပျောက်ကွယ်သွားပြီး ဘဝသစ်ကို ကူးပြောင်းနိုင်ဖို့ အတွက် ရိ(ဒ်) ရေကန် အတွင်းကို နောက်ဆံတင်းမှုကင်းစွာ ဆင်းသွားကြတယ် လို့ ယုံကြည်မှုတွေ ရှိနေကြတာပါ။

ဒီ ယုံကြည်မှု အရ မီဇိုးလူမျိုးတွေဟာ နှစ်စဉ် ရက်လည်၊ နှစ်လည် နာရေး အခမ်းအနားတွေကို ဒီ ရိ(ဒ်) ရေကန်ကြီးမှာ လာရောက်ပြုလုပ်လေ့ ရှိကြတယ်လို့လည်း ဆိုပါတယ်။
မီဇိုးမျိုးနွယ်စုတွေ ကြားမှာ ဒီလိုယုံကြည်မှုတွေဟာ ဒီနေ့ချိန်ထိ ရှိနေဆဲဖြစ်ပြီး မီဇိုးသီချင်းတွေ၊ ကဗျာတွေ ထဲမှာ “သေဆုံးတယ်” ဆိုတဲ့ စကားအစား “ရိ(ဒ်) ရေကန်သွားတယ်”၊ “မိမတိုင်၊ ဖမတိုင်ဘဲ ရိ(ဒ်) ရေကန်ကို သွားရသလား”၊ “ရိ(ဒ်) ရေကန်သွားဖို့ ဘယ်သူ ခွင့်ပြုလိုက်သလဲ” စသဖြင့် အလွမ်းတေး တွေ၊ ကဗျာတွေ ရေးဖွဲ့သီဆို နေကြဆဲ ဖြစ်တယ် လို့ “ရိ(ဒ်)ရေကန်အကြောင်း သိကောင်းစရာ” စာအုပ်ထဲမှာ ကျောင်းဆရာ ဦးငှားကာက ဖော်ပြထားတာ ကိုလည်း ဖတ်ရှုရပါတယ်။
အဲဒီမှာရှိတဲ့ ဒေသခံတချို့ ကလည်း ဒီကန်ထဲမှာ နဂါးတွေ ကိန်းဝပ်တယ်လို့ ယုံကြည်နေကြပါတယ်။ ရိ(ဒ်) ရေကန်ရဲ့ အရှေ့ဘက် ထိပ်ပေါ်မှာ အစိုးရစစ်တပ်ရဲ့ ကင်းစောင့်တပ်သားတချို့ ရှိပြီး တခါတရံမှာ ရေကန် အတွင်း ၁၅ ပေ လောက် အရှည်ရှိတဲ့ ရှည်မျောမျော သတ္တဝါနှစ်ကောင်ကို တွေ့ရတယ်လို့ ဆိုပါတယ်။
ရိ(ဒ်) ရေကန်အနီးမှာ ဖွင့်ထားတဲ့ ရိ(ဒ်) ကန်သာ စားသောက်ဆိုင် မန်နေဂျာ ဦးဒိန်းငါက “ဟုတ်တယ်။ ရဲဘော်တွေ ခေါ်ပြလို့ ကျနော်တို့ သွားကြည့်တယ်။ ၁၅ ပေလောက် ရှည်တဲ့ဟာ နှစ်ခု ရေထဲမှာ သွားနေတာ တွေ့တယ်။ သူတို့ ကတော့ နဂါးလို့ ထင်နေကြတယ်။ ကျနော် စဉ်းစားမိတာက ဒီကန်ထဲမှာ နှစ်ချို့ငါးတွေလည်း ရှိတော့ ငါးတွေ အုပ်လိုက် တန်းစီပြီး သွားနေတာလည်း ဖြစ်နိုင်တာပဲ” လို့ သူ့အမြင်ကို ရှင်းပြလိုက်ပါသေးတယ်။

ရိ(ဒ်) ရေကန်ကြီး အနီးမှာ ရိ(ဒ်)ကန်သာ စားသောက်ဆိုင် ရှိပြီး ညအိပ်ဖို့အတွက် နှစ်ခန်းတွဲ ဘန်ဂလိုလေး တွေ ရှိပါတယ်။ သစ်သားနဲ့ ပြုလုပ် ထားပြီး ချစ်စရာ ကောင်းပါတယ်။ နှစ်ယောက် အိပ်ခန်း တခန်းကို တည ကျပ် ၁ သောင်း ပေးရပြီး ဝင်ချိန်ကနေ ၂၄ နာရီ အထိ နေခွင့်ပေးပါတယ်။ နိုင်ငံခြားသားတွေ အတွက်က တော့ နှစ်ယောက် အိပ်ခန်း တခန်းကို ကျပ် ၂ သောင်း ယူပါတယ်။
ဒေသခံတွေရဲ့ အယူအစွဲတွေနဲ့ ယှဉ်တွဲလို့ ရှိနေတဲ့ ရိ(ဒ်) ရေကန်ကြီးဟာ ခရစ္စမတ် ကာလရဲ့ နံနက်ခင်းဆို ရင်တော့ ၈ နာရီ လောက်ထိ သဲသဲကွဲကွဲ မမြင်ရပါဘူး။ ကန်ရေပြင် အနီးသွားပြီး ကပ်ကြည့်ရင်တောင် ကန် ထဲကို ဝါဂွမ်းထုပ်ကြီး ပုံထည့် ထားသလို မြူနှင်းတွေ ဖုံးလွှမ်းလို့ နေပါတယ်။
အဲဒီ အချိန်ဆို မြူနှင်းတွေဖုံးနေတဲ့ ကန်ကြီးထဲမှာ လှေငယ်လေးတွေနဲ့ ငါးဖမ်းနေတဲ့ တံငါသည် တချို့တော့ ရှိပါတယ်။ သူတို့လည်း ဒီကန်ကြီးကို အမှီပြုပြီး တံငါလုပ်ငန်းနဲ့ အသက်မွေးကြရတာလို့ ဆိုပါတယ်။
ကန်ထဲမှာတော့ ငါးခုံးမ၊ ငါးမြွေထိုး၊ ရွှေဝါငါးကြင်းနဲ့ မြက်စားငါးကြင်းတွေ ရှိတယ် လို့ ဆိုပါတယ်။
နေ့လယ်ပိုင်းနဲ့ ညနေခင်းတွေ ဆိုရင် ရိ(ဒ်) ရေကန် အတွင်းမှာ စက်လှေနဲ့ လှည့်ပတ်လေ့လာ သူတွေ၊ ရေချိုးသူတွေနဲ့ ကန်ပေါင်ပေါ်မှာ ဆိုရင် ချစ်သူစုံတွဲတွေ၊ မိသားစုလိုက် အပန်းဖြေခရီး ထွက်လာသူတွေနဲ့ စည်ကားပါတယ်။
လာရောက် လည်ပတ်သူတွေ တရက်ကို ပျမ်းမျှ အယောက် ၂၀၀ လောက်ရှိပြီး ၉၀ ရာခိုင်နှုန်းက တော့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲက မီဇိုးလူမျိုးတွေ ဖြစ်ကြပါတယ်။ ဒီရေကန်ကို လာရောက် လည်ပတ်ဖို့ ကလည်း မီဇိုးလူမျိုးတို့ အတွက် အိပ်မက်တခု ဖြစ်တယ်လို့ ဆိုပါတယ်။

မီဇိုရမ်က လာတဲ့ ကျောင်းသူကျောင်းသားတွေ၊ ချစ်သူစုံတွဲတွေ၊ မိသားစုတွေ၊ သူငယ်ချင်း အဖွဲ့ လိုက်တွေ ကားနဲ့ တမျိုး ဆိုင်ကယ်နဲ့ တဖုံ အိန္ဒိယ-မြန်မာ နယ်စပ် တီအို (Tiau) ချောင်းကို ဖြတ်ဖောက်ထားတဲ့ နယ်စပ်ချစ်ကြည်ရေး တံတားကနေ ရိခေါ ဒါရ် မြို့လေးက တဆင့် လာရောက်လည်ပတ် ကြတာပါ။
ရိ(ဒ်) ရေကန်ကို လာရောက် လည်ပတ်ကြတဲ့ မီဇိုးလူမျိုးတွေဟာ နံနက်ခင်း ချင်းတောင်တန်းတွေ ဆီက နေလုံး စတင် မထွက်ခင် အချိန်ကစလို့ ရေကန် အနောက်ဘက် မီဇိုရမ်တောင်တန်းရဲ့ နောက် နေလုံးကြီး ဝင်သွားချိန်အထိ ပြတ်တယ် ရယ်လို့ မရှိပါဘူး။ တချို့ကတော့ မီဇိုရန် တောင်တန်းကြီးပေါ်က နေဝင်သွားတဲ့ အရသာကို စောင့်ကြည့် ကြပါတယ်။

ရိ(ဒ်) ရေကန် အကြောင်းကို မီဇိုရမ်ပြည်နယ်ရဲ့ ကျောင်းစာ သမိုင်းဘာသာရပ်မှာတောင် ပြဋ္ဌာန်း ထားပြီး အဲဒီအထဲမှာ “မီဇိုရမ် ပြည်နယ်မှာ မီဇိုးလူမျိုး တွေရဲ့ ထင်ရှားလှတဲ့ အကြီးဆုံး ရေကန်ကြီး တခုရှိပြီး အဲဒီ ရေကန်ဟာ လက်ရှိ မြန်မာ နိုင်ငံ အတွင်းက ရိ(ဒ်) ရေကန်ဖြစ်တယ်” လို့ ပါရှိကြောင်း ရေကန်ကို ကျောင်း သားတွေ လိုက်ပို့တဲ့ အလယ်တန်းပြ မီဇိုးကျောင်းဆရာမ တဦးက ရှင်းပြပါတယ်။
မီဇိုးလူမျိုးတို့က သူတို့ရဲ့ မိသားစု ဆွေမျိုး သားချင်းတွေနဲ့ ဘိုးဘွားတွေ သေဆုံးတဲ့အခါ ဝိညာဉ်တွေ တထောက် ခိုနားရာ ဖြစ်တယ်လို့ ယုံကြည် ထားကြတဲ့ အတွက် ဒီ ရိ(ဒ်) ရေကန်ကြီးကို တန်ဖိုး ထားကြ သလို အိမ်ပြန်တဲ့ အခါမှာလည်း ရိ(ဒ်) ရေကန်ထဲက ရေကို ရေညှိပင်လေးတွေနဲ့ ရောပြီး ရေဘူး၊ ဒါမှမဟုတ် ပုလင်းနဲ့ ထည့်ယူ သယ်ဆောင် သွားကြပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲမှာ ရှိတဲ့ မီဇိုး လူမျိုးတွေနဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှာ ရှိနေတဲ့ မီဇိုးလူမျိုး တွေဟာ မျိုးနွယ်စုဝင် တခုတည်း ဖြစ်ကြ ပြီး စကားလည်း တူကြပါတယ်။ နှစ်နိုင်ငံ နယ်နိမိတ် ခွဲတဲ့ အခါမှာ ကွဲသွားကြပေမယ့် ရိ(ဒ်) ရေကန် အပေါ်မှာ ထားတဲ့ ယုံကြည်မှုတွေကတော့ အတူတူပဲ ဖြစ်ကြတယ် လို့ ဆိုကြပါတယ်။
မီဇိုရမ် ပြည်နယ်ထဲက မီဇိုးလူမျိုးတွေ အတွက် ကတော့ နီးစပ်မှု၊ လမ်းပန်းဆက်သွယ်ရေး အဆင် ပြေမှု တွေကြောင့် အပန်းဖြေ ခရီး၊ လေ့လာရေး၊ ပျော်ပွဲစားခရီးတွေ အဖြစ် လာရောက် လည်ပတ်ကြလို့ အဆင်ပြေ ချောမွေ့ပေမယ့် မြန်မာ နိုင်ငံသားတွေ သွားရောက် လည်ပတ်နိုင်ဖို့ကတော့ အလှမ်းကွာနေဆဲ ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကလည်း ခက်ခဲတာကြောင့် လာရောက်လည်ပတ်ဖို့ ခက်ခဲနေတယ်လို့ ဆိုကြပါတယ်။
နောက်တခုက မြန်မာနိုင်ငံသားတွေ အနေနဲ့ နယ်စပ် ရိခေါဒါရ် မြို့လေးနားကို ရောက်တာနဲ့ မြန်မာ ဖုန်းလိုင်းတွေက မမိတော့ပါဘူး။ ဒေသခံတွေ ကတော့ အိန္ဒိယ ဖုန်းလိုင်းတွေကိုပဲ သုံးကြပါတယ်။ ရိခေါဒါရ် မြို့လေးပေါ်က မြို့ခံတွေ ကလည်း အိန္ဒိယ နိုင်ငံကလာတဲ့ ဖုန်း၊ အင်တာနက်နဲ့ ရုပ်သံလိုင်းတွေကို သုံးစွဲကြသူ အများစုပါ။ ငွေကတော့ မြန်မာ ငွေရော ရူပီးရော နှစ်မျိုးလုံး သုံးလို့ရပါတယ်။
ပြည်တွင်းကနေ သွားရောက် လည်ပတ်လိုသူတွေ အတွက်တော့ ရိ(ဒ်) ရေကန်နဲ့ အနီးဆုံးမှာရှိတဲ့ ရိခေါဒါရ် မြို့လေးကို လာဖို့ အတွက် အနီးဆုံးက တီးတိန်မြို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလမ်းကြောင်း ကလည်း အခုအချိန်ထိ ကတ္တရာလမ်း မရှိဘဲ ကျောက်ခင်းလမ်းတွေပဲ ဖြစ်နေပြီး မတ်စောက်တဲ့ တောင်ကမ်းပါးယံ တွေကို ဖြတ်ဖောက်ထားတဲ့ တောင်ပေါ်လမ်းက ကြမ်းလွန်းတာကြောင့် ခရီးသည်တွေမှာ နို့ဆီခွက်ထဲ ခဲထည့်ခေါက်ခံရတဲ့အဖြစ် မျိုးပါ။

သာယာလှပတဲ့ ချင်းတောင်တန်းကြီးတွေ ပေါ်မှာ အကျည်းတန်တဲ့ အရာကို ပြပါဆိုရင် အဲဒီလမ်းကို အရင်ဆုံး ပြေးမြင် မိကြပါလိမ့်မယ်။ မိုးရာသီဆို ဗွက်နစ်နေလို့ လမ်းပိတ်တာ၊ နွေနဲ့ ဆောင်းမှာဆို ဖုန်တလုံးလုံးနဲ့ ကြုံရတဲ့ဒဏ်တွေကို ဒေသခံ ခရီးသွားတွေ အခံရဆုံး ဖြစ်မှာပါ။
ချင်းတောင်တန်းကြီး တွေပေါ်က လမ်းတွေ ဘယ်လိုပဲ ကြမ်းတမ်း အကျည်းတန် နေပေမယ့် စိမ်းညို့ညို့ချင်းတောင် တန်းကြီးတွေ၊ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေ၊ ယုံကြည် စွဲလမ်းမှု အငွေ့အသက်တွေ ရှိနေဆဲ ဖြစ်တဲ့ ချင်းပြည်နယ်ရဲ့ အသည်းနှလုံး ရိ(ဒ်) ရေကန်ကြီး ကတော့ အလှမပျက် တည်ရှိနေဦးမှာပါ။ ။


ဟားဗတ် တက္ကသိုလ်ရဲ. စာကြည့်တိုက် နံရံပေါ်က အချက်၂၀ ဆုံးမစာ

 ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာ…

၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။


၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှအောင်မြင်မှုအရသာကို ခံစားရမှာ။

၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃)ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။

၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

နိုင်ငံမဲ့ ရိုဟင်ဂျာအရေး ဘယ်လိုဖြေရှင်းမလဲ

ကမ္ဘာတလွှားမှာ နိုင်ငံမဲ့နေသူ ၁၀ သန်းလို့ ပြောတဲ့အထဲ မြန်မာ နိုင်ငံ တစ်ခုတည်းမှာတင် နိုင်ငံမဲ့ ဘဝကနေ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးရမယ့် ရိုဟင်ဂျာ အရေအတွက် က ၁ သန်း လောက် ရှိတယ်လို့ ဆိုတဲ့ အတွက် မြန်မာပြည်ဟာ နိုင်ငံမဲ့ ပြဿနာ ဖြေရှင်းဖို့ အလိုအပ်ဆုံး တစ်နိုင်ငံ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
၂၁ ရာစု မှာ နိုင်ငံတခုခုကမှ နိုင်ငံသားအဖြစ် အသိမှတ် အပြု မခံရသူတွေ ရှိနေတယ် ဆိုတာဟာ ခေတ်နောက်ပြန်ဆွဲမှု တခု မတိုးတက်တဲ့ အမှားအယွင်း တခု ဖြစ်တယ် ဆိုပြီး UNHCR ရဲ့ နိုင်ငံတကာ အကာအကွယ် ပေးရေး ဌာနကြီးမှုး Volker Turk က ပြောပါတယ်။
၁၀ နှစ် အတွင်း နိုင်ငံမဲ့နေသူတွေ ပပျောက်ရေး ဆိုပြီး ဟစ်ကြွေးလာတဲ့ ကုလသမဂ္ဂက ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်နေပါသလဲ။ လုပ်ဖို့ လိုအပ်ပါသလဲ ။
ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် UNHCR ရုံးရဲ့ ပြောခွင့်ရ Vivian Tan က အားလုံးအတွက် အကောင်းဆုံး ဖြစ်နိုင်တဲ့ အခြေအနေကို ဖန်တီးဖို့ ဆိုရင်၊ ပထမဆုံး အနေနဲ့ မြန်မာ အာဏာပိုင်တွေဘက်က လက်ရှိ အသက်ဝင်နေတဲ့ နိုင်ငံသားဥပဒေကို လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုတယ်၊ ဥပဒေနဲ့ ညီသူတွေကို နိုင်ငံသား အနေနဲ့ အသိအမှတ် ပြုပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းပါတယ်လို့ ပြောပါတယ်။
ရေရှည်မှာတော့ လက်ရှိ ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြုပြင် ပြောင်းလဲမှုတွေလည်း လုပ်ဆောင်ဖို့ လိုပြီး၊ ဒါမှလည်း လူတွေ နိုင်ငံသား အဖြစ် ပိုပြီး အသိအမှတ်ပြုခွင့် ခံရနိုင်မယ်လို့ ဆိုပါတယ်။
နောက်ပြီး အများပြည်သူတွေ အနေနဲ့လည်း နိုင်ငံသားဖြစ်ခွင့်ရှိသူတွေမှာ နိုင်ငံသား ဖြစ်ထိုက်ခွင့် ရှိရမယ် ဆိုတဲ့ အခြေခံ အတွေးအမြင် မျိုးကို သဘောပေါက် လက်ခံဖို့ လိုတယ်လို့ ကုလသမဂ္ဂက ရှု့မြင်ထားပါတယ်။
ဒါမှလည်း၊ ပိုမို ကျယ်ပြန့်ပြီး မျှတတဲ့ နိုင်ငံသား ဥပဒေတွေ ပြဌာန်း တည်ရှိလာအောင်၊ အများပြည်သူတွေက မိမိတို့ရဲ့ အစိုးရတွေကို ပြန်ပြီး၊ တိုက်တွန်း လှုံ့ဆော်နိုင်ပါလိမ့်မယ် ဆိုပြီး၊ Ms Tan က၊ သုံးသပ်ပါတယ်။
UNHCR အနေနဲ့ နိုင်ငံမဲ့ ပြဿနာကို ဖြေရှင်းဖို့ မြန်မာ အစိုးရနဲ့ အတူ ဆောင်ရွက်ခဲ့တာ နှစ် အတန်ကြာ နေပြီ ဖြစ်ပြီး လိုအပ်တဲ့ အကြံဉာဏ်တွေ ပြုတာ၊ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည် မြှင့်ပေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် UNHCR ရဲ့ အကြီးအကဲ Antonio Guterres ကိုယ်တိုင်က လက်ရှိ အခြေအနေမှာ ၁၀မိနစ်တိုင်း နိုင်ငံမဲ့ ကလေးတစ်ယောက် မွေးဖွားနေတယ် ဆိုပြီး ပြောထားတဲ့ အတွက် နိုင်ငံမဲ့ ပြဿနာကို ဖြေရှင်းတဲ့ အခါ အစိုးရတွေ မူဝါဒ သဘောထားနဲ့ ဥပဒေတွေ နိုင်ငံအသီးသီးက အများပြည်သူတွေရဲ့ အခြေခံ သဘောဆန္ဒ အယူအဆ တွေ ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်နေတဲ့ အခုအချိန်ကနေ နောက် ၁၀ နှစ် အတွင်း ကုလသမဂ္ဂက ရည်မှန်းသလို ၁၀ နှစ် အတွင်း ကမ္ဘာပေါ်မှာ နိုင်ငံမဲ့ ဖြစ်မှု ပပျောက်နိုင်ပါ့မလားဆိုတာကတော့ မေးခွန်း ထုတ်စရာ ဖြစ်ပါတယ်။

ရိုးရာ ခွာဒို ပွဲတော်

၁၄ ရာစုကနေစပြီး ကျင်းပလာတယ်ဆိုတဲ့ ခွာဒိုပွဲတော်ခေါ် နှစ်သစ်ကူးပွဲတော်ကို တောင်ယာကောက် ပဲသီးနှံတွေ ထွက်ပြီးစ ကောက်သစ် စားချိန်မှာ ကျင်းပလေ့ရှိပါတယ်။ ချင်းပြည်နယ်အတွင်း နေရာဒေသအလိုက် အစောဆုံး သီတင်းကျွတ်လ ဆန်း ၁၄ ရက်မှ သီတင်းကျွတ် လပြည့် ကျော် ၁ ရက်အတွင်း ကျင်းပဖို့ ချင်းရေးရာ ဦးစီးအဖွဲ့က ၁၉၆၄ ခုနှစ်မှာ သတ်မှတ်ပေးခဲ့ပြီး ချင်းပြည်နယ်မြောက်ပိုင်းမှာတော့ အဓိက ပွဲတော်အဖြစ် ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်တာဖြစ်ပါတယ်။ ချင်းတို့ရဲ့ အရေးပါဆုံးနဲ့ အမြင့်မြတ်ဆုံးပွဲတော်လို့လည်း ဆိုပါတယ်။ ခွာဒိုပွဲကို ရွာလုံးကျွတ်၊ မြို့ လုံးကျွတ်ဆင်နွှဲလေ့ရှိပြီး ကောက်သစ်စားပွဲနဲ့အတူ ပြု လုပ်တာဖြစ်သလို “ခွာ” ဆိုတာ “လူ့ဘုံဘဝ” ကိုဆိုလိုပြီး “ဒို” ကတော့ “ဧည့်ဝတ်ကျေပွန်ခြင်း” နဲ့ နောက်အဓိပ္ပာယ်က “တိုက်ခိုက်ချေမှုန်းခြင်း တိုက်ပွဲတွေ အောင်နိုင်ခြင်း” လို့ အဓိပ္ပာယ် ဖွင့်နိုင်ပါတယ်။


အစဉ်အလာအရ ကျင်းပမြဲဖြစ်တဲ့ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်လုံးကျွတ်မှာ ချင်းရိုးရာ ခွာဒိုပွဲတော်ကို သီတင်းကျွတ် လပြည့်ကျော် ၁ ရက်က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ကွယ်လွန်ပြီးသော မိဘဘိုးဘွားများကို ကန်တော့ခြင်း၊ နှစ်ဟောင်းက မကောင်းဆိုးရွားများ၊ နတ်ဆိုးများကို ဝေးရာနှင်ထုတ်ခြင်းနဲ့အတူ လူသစ် စိတ်သစ်နဲ့ အလုပ်အကိုင်သစ်များ၊ တောင်ယာအသစ်များ ဖော်ထုတ်လုပ်ကိုင်နိုင်ဖို့ ချင်းနှစ်သစ် ကူးပွဲတော်ကိုပါ တစ်ပါတည်းကျင်းပတာ ဖြစ်ပါတယ်။ ဒီပွဲတော် ကျင်းပတဲ့လမှာ ပျားမဖွတ်ရ၊ တောမီးမရှို့ရ၊ ပွဲတော်ကျင်းပစဉ် အဝေးခရီးမသွားရစတဲ့ စည်းကမ်း လိုက်နာရပြီး ပွဲတော်အတွက် ကြိုတင်ရှာဖွေထားသော ပျားအုံကြီးတစ်အုံကိုလည်း တောထဲမှာ အမှတ်အသားနဲ့ ထိန်းသိမ်းထားရတာပါ။
 ပွဲကျင်းပမယ့်ညနေမှ ရပ်မိရပ်ဖတွေက တောထဲက ပျားအုံကို သယ်လာရပါတယ်။ ပွဲတော်ကို ညမှောင်ရီ ပျိုးချိန်မှာစတင်ပြီး ပျားအုံကို ပွဲကျင်းပရာခန်းမဆီ သယ်ဆာင်လာတာပါ။

သယ်ဆောင်မှုကို သတ်မှတ်ထားတဲ့ မြို့လယ်ပန်းခြံကနေ
ရှေးယခင်က တီးတိန်နယ်မြေကို အပိုင်စားရတဲ့ စော်ဘွား
အမည် မှည့်ခေါ်ထားတဲ့ ကမ်းဟောက်ခန်းမဆီကိုရပ်မိ
ရပ်ဖတွေက ပျားအုံကိုသယ်ဆောင်ပြီး တူမီးသေနတ် ကိုယ်စီနဲ့
ဒေသခံမုဆိုးတွေက အစောင့်အရှာက်အဖြစ် လိုက်ပါကြပါတယ်။
ပျားအုံကို တောထဲကရတဲ့အတိုင်း ယူလာတာဖြစ်ပြီး မြို့သူ
မြို့သားတွေကလည်း ထင်းရှုးဆီမီးတိုင်များနဲ့ လူပေါင်း တစ်ရာ
နီးပါး ရိုးရာဝတ်စုံတွေနဲ့အတူ လိုက်ပါ သယ်ဆောင်တာမို့ စည်ကားလှပါတယ်။
ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၅,၆၆၇ ကမြို့မို့ အေးစိမ့်နေတဲ့ ရာသီဥတုထဲ ခေါင်ရည်တွေကိုယ်စီ သောက်ရင်း ပျော်စရာအတီး အမှုတ်တွေနဲ့ ကခုန်ရင်း လိုက်ပါသူတချို့လည်းရှိပါရဲ့။ ရှေးတုန်းက နတ်ကိုးကွယ်မှု အသားကျခဲ့ရတာမို့ အခုချိန်မှာ ခရစ်ယာန်ဘာသာဝင်အများစု ဖြစ်နေတယ် ဆိုပေမယ့် ဒီပွဲကို ရိုးရာနတ်ဆရာတွေ ကျင်းပပြုလုပ်ပုံအတိုင်း ဆောင်ရွက်တာပါ။

ပျားအုံယူလာရတဲ့ အဓိပ္ပာယ်ကတော့ ယခုနှစ်မှာ ရလာတဲ့ပျားအုံကို သက်ဆိုင်ရာ ရိုးရာလူကြီးက ကြည့်ရှုပြီး နောင်နှစ်အတွက် ကြိုတင်ဟောကိန်းထုတ်ဖို့ ဖြစ်ပါတယ်။ ပျားအုံ အရောင်အဆင်းလှရင် ကောက်ပဲသီးနှံ ကြွယ်ဝမယ်၊ ရာသီဥတုကောင်းမယ်၊ အုပ်စိုးသူတို့ သနားကြင်နာမယ် စသည်ဖြင့် နိမိတ်ဖတ်ကာ မည်းညစ် ပြီးမလှတဲ့ ပျားအုံ ရတဲ့နှစ်ကတော့ ရာသီဥတုဖောက်ပြန်ပြီး သီးနှံများပျက်စီးတတ်သလို နတ်ဆိုးမင်းဆိုး တွေနဲ့ကြုံရတတ်တယ်လို့ အယူကောက်ပြီး အဆိုးဘက်ကနေ နိမိတ်ဖတ်ပါသတဲ့။ ဒီနှစ်မှာတော့ အလှဆုံးမဟုတ်ပေမယ့် အတော် အသင့်လှပတဲ့ပျားအုံမို့ အခြေအနေကောင်းမယ်လို့ ယူဆကြပါတယ်။
နိမိတ်ဖတ်ပြီးတဲ့အခါ ချင်းရိုးရာခေါင်ရည်များ ဒေသအစားအစာများနဲ့ ဧည့်ခံပြီး မျိုးနွယ်စုအလိုက် ရိုးရာအဆိုအကတွေနဲ့ ဖျော်ဖြေတဲ့
ပျော်စရာနှစ်သစ်ကူးပွဲ စတင်ပါပြီ။
(၂)
မင်္ဂလာနှစ်သစ်ကိုကြိုတဲ့ ပွဲတော်ဖြစ်ပြီး တူမီးသေနတ် မိုးပေါ်ထောင်ဖောက်ကာ ချင်းရိုးရာစုပေါင်းအကနဲ့ စတင်ဖျော်ဖြေပြီး
ကျေးရွာတွေ၊ မျိုးနွယ်စုတွေအလိုက် အကအဖွဲ့တွေ၊
သီချင်းတွေနဲ့ တင်ဆက်လေ့ရှိတာမို့ ပွဲတက်ရုံနဲ့ ချင်းရိုးရာ
ဓလေ့တွေကို တီးခေါက်မိမှာပါ။ မျိုးနွယ်စုအလိုက် ဝတ်စား
ဆင်ယင်မှုကိုလည်းတွေ့မြင် မှတ်တမ်းတင်နိုင်ပြီး တီးတိန်မြို့နယ်
အတွင်းက ချင်းမျိုးနွယ်ကွဲတွေဖြစ်ကြတဲ့ ဆီးယင်း၊ ဆိုင်းဇံ၊
တေဇန်၊ ဇို၊ ဒိမ်၊ ဗန်းတဲ့၊ ဟွာလ်ငို၊ ခေါနိုး၊ တဲဒိမ် မျိုးနွယ်စုတွေ တက်ရောက်တဲ့ ပွဲတော်တစ်ခုပါ။ မျိုးနွယ် စုတွေရဲ့ အဆိုအကတွေလည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့မတူညီသလို ပြောဆိုတဲ့ ဘာသာစကားအရလည်း မတူကွဲပြား မှုအနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။

ဒီပွဲတော်ကို စတင်ကျင်းပတဲ့ ကာလတုန်းက ကျေးရွာအချင်းချင်း၊ မျိုးနွယ်စုအချင်းချင်း တိုက်ခိုက်အောင် မြင်မှုတွေကို ခွာဒိုပွဲလုပ်ပြီး ဂုဏ်ပြုတတ်လို့ ယနေ့အချိန်မှာတော့ ပညာရေးထူးချွန်သူတွေ၊ ပြည်နယ်အဆင့် ဆိုကရေးတီးဆုရသူတွေ၊ ပြည်နယ်အဆင့် အားကစားလက်ရွေးစင်တွေစတဲ့ မြို့နယ်ဂုဏ်ဆောင်တဲ့သူများကို ဆုတွေ ချီးမြှင့်ကြပါတယ်။

ယခင်က မျိုးနွယ်စုနတ်ဆရာတွေနဲ့ ကျင်းပခဲ့ပေမယ့် အခုတော့ နတ်ကိုးကွယ် မှုပပျောက်သလောက် နည်းသွားပြီဖြစ်လို့ ရိုးရာထိန်းသိမ်းတဲ့အနေနဲ့ပဲ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ချင်းလူမျိုးအကြီးအကဲတွေနဲ့ ရပ်မိရပ်ဖတွေ မြို့သူမြို့ သားတွေအားလုံးပါဝင်တဲ့ ခွာဒိုပွဲတော်ခေါ် နှစ်သစ်ကူးပွဲတော်ဟာ ချင်းပြည်နယ်ရဲ့ အထင်ရှားဆုံးပွဲတော်ဖြစ်ပြီး မြန်မာ့ ခရီးသွားလုပ်ငန်းအတွက် ထပ်မံအသစ်ပြသနိုင်တဲ့ ရိုးရာပွဲတော်တစ်ခုလို့လည်း ယူဆမိပါရဲ့။ တီးတိန်ကနေ မိုင်သုံးဆယ်သာသာဝေးတဲ့ နာမည်ကျော်ရိဒ်ရေ ကန်ဆီကိုလည်း ခရီးသွားစရာနေရာအဖြစ် ကျယ်ပြန့် စွာဖော်ထုတ်ဖို့ ကြိုးစားကြဖို့ တိုက်တွန်းရင်း အလည်ခရီးထွက်ရင်းကနေ ချင်းရိုးရာပွဲ တော်တစ်ခုကို ပါဝင်ဆင်နွှဲနိုင်ပါကြောင်း ပြည်ထောင်စုသား ညီအစ်ကိုများကို အသိပေးလိုက်ပါတယ်ဗျာ။