Showing posts with label BV Article Development. Show all posts
Showing posts with label BV Article Development. Show all posts

ရိဒ်ခေါရ်ဒါသို့ သွားရာလမ်း

ရိဒ်ခေါရ်ဒါမြို့နယ်ခွဲဆိုတာ ချင်းပြည်နယ်ထဲက မြို့တစ်မြို့ဖြစ်ပြီးတော့ မြန်မာ-အိန္ဒိယ နယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေးလုပ်တဲ့ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။
ဒီမြို့လေးကို နယ်စပ်ကုန်သွယ်ရေးကြောင့် လူသိများတာထက် မြို့ရဲ့အထက်ဘက်မှာရှိတဲ့ အသည်းနှလုံးပုံ ရိဒ်ရေကန်ကြောင့် လူသိပိုများတာပါ။ ရိဒ်ခေါရ်ဒါကို သွားမယ်ဆိုရင်တော့ စစ်ကိုင်းတိုင်း ကလေးမြို့ကနေပြီးတော့ ချင်းပြည်နယ် တီးတိန်မြို့ကတစ်ဆင့် သွားလို့ရသလို ချင်းပြည်နယ် ဖလမ်းမြို့ကလည်း သွားလို့ရပါတယ်။


ကျွန်တော်ကတော့ ကလေးမြို့ကနေ တီးတိန်မြို့ကိုဖြတ်ပြီး ရိဒ်ခေါရ်ဒါကို သွားခဲ့ပါတယ်။ လမ်းအကြောင်း ပြောရမယ်ဆိုရင် ကလေးမြို့ကနေ သိုင်းငင်းအထိ လမ်းကောင်းတယ်။ တစ်ခုပဲ ပြောစရာရှိတယ်။ သိုင်းငင်းကျေးရွာ အနီး ၂၇ မိုင်မှာတော့ တောင်ပြိုနေတာ ရှိတယ်။ မိုးရာသီဆိုရင်လည်း အဲဒီနေရာတစ်ခုပဲ လမ်းပိတ်တတ်တယ်။ နောက်တစ်ခုက သိုင်းငင်းကလွန်လာတော့ ကနေဒီတောင်ခြေကတစ်ဆင့် တီးတိန်အထိ လမ်းက သိပ်အကောင်းကြီး မဟုတ်ဘူး။ ဒီဘက်ကလမ်းတွေကို ဘာကြောင့် မပြင်တာလဲ ဆိုတာကို စဉ်းစားရကျပ်နေတယ်။
တီးတိန်မြို့က ထွက်လာတော့ ညနေ ၅ နာရီ ရှိပါပြီ။ တီးတိန်ကနေ ရိဒ်ခေါရ်ဒါမြို့နယ်ကို ၃၂ မိုင် ၃ ဖာလုံသာ ဝေးပါတယ်။ မြေပြန့်ကလူတွေ စဉ်းစားမယ်ဆိုရင်တော့ ဒီခရီးက မိနစ် ၃၀၊ ၄၅ မိနစ်လောက်ပဲ ကြာမယ်လို့ ခန့်မှန်းကြမှာလေ။ ဒါပေမဲ့ ဒီဘက်နယ်က ကားသမားတွေအတွက်တော့ ဒီလမ်းဒီခရီးကို တစ်လကိုးသီတင်း သွားခဲ့ဖူးတာတွေ ရှိခဲ့တာပေါ့။

အခုလည်း သူတို့က ဆိုင်ကယ်မောင်းချိန် ခန့်မှန်းပေးလိုက်တာ ၄၊ ၅ နာရီလောက်တော့ မောင်းရမယ်တဲ့။ ကျွန်တော်ကတော့ လမ်းအခြေအနေအရ ဒီထက်မပိုပါစေနဲ့လို့ ဆုတောင်းရင်း ဆိုင်ကယ်နှစ်စီး လူသုံးယောက် ခရီးထွက်ခဲ့ပါတယ်။ တီးတိန်ကနေ လန်ဇန်ရွာအထိတော့ တောက်လျှောက်အဆင်းခရီး ဆိုပေမယ့် လမ်းကတော်တော် ကောင်းပါတယ်။
လန်ဇန်ကို ကျော်လာတော့ လမ်းက တော်တော်ဆိုးလာပါပြီ။ ချိုင့်တွေ ကျင်းတွေ ရှောင်ဖို့ ခက်ခဲလာပြီး အကွေ့အဆင်းတွေကလည်း မတ်စောက်လာပါတယ်။ ဒီအဆင်းက မံဆောင်းတံတားအထိ ဆင်းရမှာပါ။ မံဆောင်းတံတား ဆိုတာက မဏိပူရ်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားတစ်စင်းပါ။ အကွေ့အဆင်း တစ်ခုမှာပဲ ကျွန်တော့်နောက်က ဆင်းလာတဲ့ အဖော်က လက်ကိုင်ခေါက်ပြီး ဆိုင်ကယ်လဲပါတော့တယ်။ ဆိုင်ကယ်လဲပြီး လူကဆက်လဲပြီးတော့ ကုန်းဆင်းကြီးဆိုတော့ တစ်ပတ်ပါ လိမ့်ထွက်သွားပါသေးတယ်။ အင်းလေ... သူက ချင်းတောင်မှာ ဆိုင်ကယ်စီးတဲ့ အတွေ့အကြုံမှ မရှိတာပဲ။ အဆင်းကြီး ဖြစ်နေတော့ ကျွန်တော်လည်း ဆိုင်ကယ်ရပ်ဖို့အတွက် အတော်ခက်ခဲပါတယ်။ အတက်ကားတစ်စီးလာတော့ ကျွန်တော်က လမ်းပြန့်သည်အထိဆင်းပြီး ဆိုင်ကယ်ကို ဒေါက်ထောက်ရပါတယ်။ အဲဒီအချိန်မှာတော့ သူတို့လည်း သူတို့ဘာသာသူတို့ ဆိုင်ကယ်ကို ထောင်ပြီးသွားပါတယ်။ နှစ်ယောက်စီးတာဖြစ်ပြီး နောက်ကတစ်ယောက်က ဘာမှမဖြစ်ပါဘူး။ ရှေ့က လိမ့်ထွက်သွားတဲ့ သူကတော့ ဒူးပြဲသွားတာ တော်တော်နက်တယ်။ ဒီလောက်ပဲ ဖြစ်တာဆိုတော့ တော်သေးတာပေါ့လို့ စိတ်ဖြေရပါတယ်။
အဲဒီအချိန်မှာ ဆိုင်ကယ်နှစ်စီး အရှိန်နဲ့တက်လာပြီး အတက်ကြီးမှာပဲ ရှေ့ကဆိုင်ကယ်က ချိန်းကြိုးပြတ်သွားပါတယ်။ နောက်ကဆိုင်ကယ်က တိုက်မိမလိုဖြစ်ပြီး နှစ်စီးစလုံး ရပ်သွားတယ်။ မတိုက်မိတာ ကံကောင်းတာပေါ့။ ရှေ့က ချိန်းကြိုးပြတ်တဲ့ ဆိုင်ကယ်ကို အပေါ်ကို တွန်းတင်ပေးပြီး ကျွန်တော်တို့လည်း ဆက်ထွက်ခဲ့ပါတယ်။

အဖော်ဆိုင်ကယ်က လူပြောင်းစီးပါတယ်။ သိပ်မကြာခင်မှာဘဲ ကျွန်တော်တို့ မံဆောင်းတံတားကို ရောက်ပါတယ်။ တံတားမှာ ဆိုင်ကယ်တွေကို ရေနဲ့ပက်တယ်။ အဆင်းခရီးဆိုရင် ဘရိတ်ရှူးတွေက ပူနေပါတယ်။ အင်ဂျင်က အလုပ်မှ မလုပ်ရတာကိုး။ အတက်ခရီးဆိုရင်တော့ အင်ဂျင်က တော်တော်ပူပါတယ်။
ဆိုင်ကယ်ကို အနားပေးပြီးတော့ အတက်ခရီးကို ဆက်ခဲ့ပါတယ်။ မံဆောင်းတံတားခရီးက အတက် ခုနစ်မိုင်၊ အဆင်း ခုနစ်မိုင်တဲ့။ မံဆောင်းတံတားကို စတက်လိုက်တာနဲ့ လမ်းတွေက ဆိုးလှသလို အကွေ့အကောက်နဲ့ အတက်အဆင်းတွေက ကြီးမားလှပါတယ်။ ကျွန်တော့်ရဲ့နောက်က ပေါင် ၂၀၀ လောက်ရှိတဲ့သူကို တင်ထားရတော့ သူက ကိုယ့်အားနာသလို ကိုယ်ကလည်း ဆိုင်ကယ်ကို တော်တော်ထိန်းသိမ်း စီးရပါတယ်။ ဟိုးအရင်တစ်ခေါက်က မံဆောင်းအတက်ခရီးကို မတက်နိုင်လို့ ပြန်ဆင်းခဲ့ရတဲ့ ဂျစ်ကားနဲ့ လူတစ်စုကို သတိရမိပါသေးတယ်။
လမ်းတွေက ရွေးစရာ မရှိ။ ကျောက်ခဲပြုတ် ကြီးကြီးတွေပေါ်မှာ ဆိုင်ကယ်မလဲအောင် ဂရုစိုက်ရသလို လမ်းရဲ့ အကောင်းဆုံးဆိုတဲ့ နေရာကိုလည်း လျင်လျင်မြန်မြန် ဆုံးဖြတ်ရွေးချယ်ရင်း ဆိုင်ကယ်လီဗာကိုလည်း လျှော့မရ၊ ဆိုင်ကယ်ဂီယာကလည်း နံပါတ် ၁ နဲ့ ၂ ကို တစ်လှည့်စီ ချိန်းမောင်းရင်းပေါ့။

ကျောက်ပြုတ်တောရဲ့အကွေ့တစ်ကွေ့ကို ကျော်လိုက်တော့ ကားတွေ၊ ဆိုင်ကယ်တွေ ရေဖြည့်တဲ့နေရာကို ရောက်ပါတယ်။ အဲဒီနေရာမှာ ဆိုင်းဘုတ်လေးတစ်ခုက စိတ်ဝင်စားစရာ။
“ကား = ၅၀၀ ကျပ်၊ ဆိုင်ကယ် =၂၀၀ ကျပ်၊ မပေးချင်လျှင် ရေမဆေးပါနဲ့” တဲ့။
သူ့ခမျာလည်း ဒီလိုတောင်ပေါ်ကို ရေရအောင် တော်တော်သွယ်ထားရတယ် ထင်ပါတယ်။ အဲဒီနေရာရောက်တော့ ပူကျက်ပြီး ညှော်နံ့တထောင်းထောင်းထနေတဲ့ ဆိုင်ကယ်ကို ရေပက်ပြီး အအေးခံရပါတယ်။ ဒီလိုသာ ရေပက်စရာ မရှိဘူးဆိုရင်လည်း ရှေ့ဆက်ဖို့ မလွယ်လောက်ဘူးလေ။ ဆိုင်ကယ်အေးတော့မှ ကျွန်တော်တို့လည်း လမ်းကြမ်းကြမ်းပေါ်မှာ ခရီးဆက်ခဲ့ရတာပေါ့။
တချို့ ဆိုင်ကယ်စီးတဲ့လမ်းတွေက ချောက်ကမ်းပါးနဲ့ နံဘေး ဆိုင်ကယ်တစ်ဘီးစာလောက် ရှိတဲ့နေရာလေ။ တစ်ယောက်တည်းဆိုရင် ကျွန်တော်စီးရဲပေမယ့် နောက်က၀ိတ်ပါတော့ ကျွန်တော် အဲဒီလမ်းကို မစီးရဲ။ နောက်ကထိုင်လိုက်တဲ့သူကို နှစ်ခါလောက် လမ်းလျှောက်ခိုင်းရပါတယ်။ နေ၀င်သွားပေမယ့် အလင်းရောင်လေးကျန်တဲ့ အချိန်မှာ လွိုက်တွီးကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ အဲဒီရွာမှာ ကျွန်တော်တို့ ခဏနားရပါတယ်။

ရှေ့ဆက်ရမယ့်ခရီးက ညနက်တော့မယ်ဆိုတော့ လက်နှိပ်ဓာတ်မီးကို အလွယ်တကူဖြစ်အောင်၊ သောက်စရာရေပါအောင်၊ စားစရာမုန့်ပါအောင် ၀ယ်ကြရပါတယ်။ လွိုက်တီးကျေးရွာက ဒီဘက်လမ်းမှာတော့ တော်တော်ကြီးတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အမျိုးသားစာပေဆုရ စာရေးဆရာကြီးတစ်ဦး ဒီရွာမှာ ကျောင်းအုပ်အဖြစ် နေထိုင်ဖူးတယ်လို့ သိရပါတယ်။ ဒီရွာမှာ နေချင်ပေမယ့် ကျွန်တော်တို့ကို အချိန်က ခွင့်မပြုတော့ပါဘူး။
လွိုက်တွီးကျေးရွာက အထွက်မှာတော့ လမ်းက ကောင်းနေပါတယ်။ ဒါပေမဲ့ အချိန်သိပ်မကြာပါဘူး ဗွက်တွေ ရွှံ့တွေ ကျောက်ကြမ်းလမ်းတွေ ပြန်တွေ့ရတာပါပဲ။ ချင်းပြည်နယ်ကို နယ်စပ်ကုန်သွယ်ရေးကနေ ၀င်ငွေတွေ ရှာဖွေပေးတဲ့ ဒီလမ်းကို အစိုးရက ဘာကြောင့်ကောင်းအောင် မပြင်တာလဲဆိုတာ စဉ်းစားစရာ တစ်ခုပေါ့။ ညအမှောင်က တဖြည်းဖြည်း ကြီးစိုးလာတော့ ဆိုင်ကယ်ကို ပိုပြီး ဂရုစိုက်စီးရပါတယ်။ လမ်းမှာရှိတဲ့ မိတ္ထီလာ၊ လင်တန်၊ ငှက်ပျောတောဆိုတဲ့ နေရာတွေကို ခန့်မှန်းလောက်သာ ကျန်ခဲ့ပါတယ်။ အပြန်ခရီးမှာတော့ အိမ်သုံးအိမ်လောက်သာ ကျန်တော့တဲ့ လင်တန်ရွာကို ၀င်ခဲ့ပါသေးတယ်။ ဒီမှာရှိတဲ့ လူတွေက ပြောင်းရွှေ့ကုန်တာလို့ သိရပြီး ငှက်ပျောတောနဲ့ မိတ္ထီလာဆိုရင် အိမ်မရှိတော့ပါဘူး။ ကားတွေ အဓိက ရပ်နားမှသာ သူတို့စီးပွားရေးက ကောင်းမွန်တာဖြစ်ပြီး တောင်ယာစိုက်ပျိုးရုံနဲ့တော့ စားဝတ်နေရေးတောင် သိပ်အဆင်မပြေဘူးလို့ သိရပါတယ်။ လမ်းမကောင်းလို့ ချောက်ထဲကျသွားမှာ ဆိုင်ကယ်လဲမှာကလွဲရင် တခြား သူခိုး၊ ဓားပြ အန္တရာယ် လုံးဝမရှိတဲ့ ချင်းတောင်ပါ။ ဘယ်နေရာမှာအိပ်အိပ် အေးတာကလွဲရင် ပါလာတဲ့ပစ္စည်း ပျောက်မှာတို့ လူအန္တရာယ်ပြုမှာတို့ လုံးဝမစိုးရိမ်ရတဲ့ ချင်းတောင်လမ်းတွေပေါ့။

ကျွန်တော်တို့လည်း ငှက်ပျောတောက ဗွက်တန်းကြီးကို ဘယ်လိုဖြတ်ခဲ့မှန်းမသိ ဖြတ်ခဲ့ပြီး လမ်းမှာ ကားတစ်စီးတွေ့လို့ မေးကြည့်တော့ “ခင်ဗျားတို့ ဖြတ်လာတဲ့ ဗွက်တန်းကြီးက ငှက်ပျောတောပါ” တဲ့။ အပြန်ခရီးကျမှ သေသေချာချာ ကြည့်လိုက်တော့ လမ်းကခပ်ကျင်းကျင်း ဗွက်ကြီးနဲ့ မြေကအငှားတွေ။ အဲဒီနေရာမှာ ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဗွက်ထဲ လဲသွားပါသေးတယ်။ ကံကောင်းလို့ ချောက်ထဲ လူကျမသွားတာပါ။ ကိုယ့်မျက်စိရှေ့မှာ တွေ့လိုက်ရုံသာမက အဲဒီဗွက်တွေထဲမှာ ကျွန်တော်ရဲ့ ခရီးဖော်က ဆိုင်ကယ်လဲခဲ့ပါသေးတယ်။ အရှိန်မများဘဲလဲလို့သာ ဘာမှမဖြစ်တာပါ။ ကလေးမြို့နဲ့ ရိဒ်ခေါရ်ဒါကို ပြေးဆွဲတဲ့ ဟိုင်မွန်ဂျစ်ကားတွေ ပြေးဆွဲကြတာ များပါတယ်။ ကုန်တင် လူတင်ပေါ့၊ တချို့ကလည်း ကုန်ပဲတင်ကြတယ်။
အဲဒီခရီးကို သွားကြတဲ့ ဟိုင်မွန်ဂျစ်ကားသမားတွေတိုင်း အဲဒီလမ်းက တစ်နေရာရာမှာ ကားမလဲဖူး၊ ကားမမှောက်ဖူး၊ ကား ချောက်ထဲ မကျဖူးတဲ့သူ မရှိပါဘူး။ တကယ်လို့ အဲလို တစ်ခုခုဖြစ်ပြီးသွားတယ်ဆိုရင် တာဝန်ကျေသွားပြီလို့ ပြောလေ့ရှိကြပါတယ်။ အခု ကျွန်တော်တို့က ဆိုင်ကယ်နှစ်ခါတောင် လဲခဲ့တော့ တာဝန်ကျေခဲ့တာပေါ့လေ။
ဟိုင်မွာလ်ရွာဟောင်းကိုရောက်တော့ တော်တော် လမ်းခရီးဘယ်လောက်လိုသလဲ မေးကြည့်ရပါတယ်။ မိုင်အရေအတွက်အားဖြင့် ရိဒ်ခေါရ်ဒါမြို့ကို ငါးမိုင်သာ ဝေးတော့ပါတယ်။ ဒါပေမဲ့ အတက်အဆင်းရယ် ခရီးကြမ်းတာရယ်ကြောင့် ကျွန်တော်တို့ သွားရမယ့် ခရီးက ရှည်လျားလွန်းတယ်လို့ ခံစားမိပါတယ်။ သွာဖူးရောက်ဖူးတဲ့ ခရီးဖော်ကို လမ်းမှားမယ်လို့တောင် ပြောမိပါတယ်။ သူက ရှေ့က ဆက်မောင်းရင်း တံတားလေးတစ်ခုကို ချိုးကွေ့တက်လိုက်ရင်း ရိဒ်ခေါရ်ဒါမြို့မှ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကို ဆိုင်ကယ်မီးနဲ့ ထိုးပြမှာသာ စိတ်သက်သာရာ ရသွားပါတယ်။

ဆိုင်းဘုတ်ကနေ မြို့ထဲမောင်းရတာကို ကြာလွန်းတယ်လို့ စိတ်ထဲထင်မိပါတယ်။ လမ်းကကြမ်း၊ လူကပန်းဆိုတော့ ပိုဆိုးတာပေါ့ ။ မီးရောင်အချို့ကို မြင်ရတော့ အားတက်မိပါတယ်။ တကယ်တော့ အဲဒီမီးဝင်းဝင်းတွေက ရိဒ်ခေါရ်ဒါရဲ့ တစ်ဖက်ကမ်းက အိန္ဒိယနိုင်ငံထဲက ဇိုခွါးထာရွာ ဖြစ်မယ်ဆိုတာ ကြိုတွက်ထားပါတယ်။ မြို့ထဲရောက်တော့ ည ၉ နာရီကျော်နေပါပြီ။
မြို့ထဲမှာတွေ့တဲ့ လူတစ်ယောက်စ နှစ်ယောက်စကိုမေးမြန်းရင်း တည်းခိုဖို့ ရှာဖွေခဲ့ရပါတယ်။ အိန္ဒိယဘက်ကမ်းက မီးရောင်တ၀င်းဝင်းကို မျှော်ကြည့်ရင် ရိဒ်ခေါရ်ဒါမြို့ရဲ့ လမ်းမီးမှိန်မှိန်အောက်ကနေ တည်းခိုခန်းဆီကို ထွက်ခွာခဲ့ပါတော့တယ်။ ■ ကိုဆူး (ချင်းတောင်ခြေ) via Eleven

ထင်းရှူးရနံ့ လှိုင် လှိုင် သင်း ပျံ့ သည့် ဖလမ်းမြို့

ထင်းရှူးရနံ့ လှိုင် လှိုင် သင်း ပျံ့ သည့် ဗန်ကာအို တောင်တန်း ပေါ်က ဖလမ်းမြို့ ……
ချင်းပြည်နယ် ဖလမ်းမြို့သည် ပင်လယ် ရေမျက်နှာပြင် အမြင့်ပေ ၅၂၈ဝမြင့်ပြီး ထင်းရှူးရနံ့များ လှိုင်လှိုင်သင်းသည့် ရှုမောဖွယ်ရာ ဗန်ကာအို တောင်တန်းကြီးပေါ်တွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင် ၄ဝ ခန့်၊ တောင်မှမြောက် သို့ ၂၂ မိုင်ခန့် ကျယ်ဝန်းသည်။
ဗန်ကာအို တောင်တန်းကြီးသည် ၁၈၈၉ ခုနှစ်တွင် ဗြိတိသျှ တို့က စတင်စခန်းချ အသုံးပြုသည့် တောင်တန်းကြီး ဖြစ်ပြီး ၁၈၉၂ခုနှစ် ဧပြီလမှ ဇွန်လအတွင်း ဗြိတိသျှ တို့က ယခုဗလိုင် ရပ်ကွက်နေရာတွင် စစ်စခန်းနှင့် အုပ်ချုပ်ရေးဌာန စတင် တည်ထောင်ပြီး ဖလမ်းမြို့ဟု ခေါ်ဝေါ် အသုံးပြုကာ ဗြိတိသျှ စစ်ဗိုလ် Major Browne က အုပ်ချုပ် ခဲ့ရာ နောက်ပိုင်းတွင် ယခင် ချင်းဝိဒေသတိုင်း၏ မြို့တော် အဖြစ် သတ်မှတ်ခဲ့သည့် မြို့ဖြစ်လာသည်။

ယခုနှစ်တွင် ဖလမ်းမြို့တည်ထောင်သည်မှာ နှစ်ပေါင်း ၁၂၃ နှစ်ပြည့်ပြီးဖြစ်ကာ ယခုအချိန်ထိ အဆောက်အအုံနှင့် အိမ်ခြေ ၁၇၂၄ခန့်နှင့် လူဦးရေ ၇၇၈၃ကျော်ရှိပြီး တိုင်းရင်းသား ပေါင်းစုံနေထိုင်သည့် မြို့ကြီးလည်း ဖြစ်သည်။
ဖလမ်းမြို့သည် ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့သို့ သွားရာလမ်းမပေါ်တွင် တည်ရှိသည်။ မြို့ပေါ်တွင် ရပ်ကွက်ကြီး လေးရပ်ကွက်၊ အထက်တန်းကျောင်း နှစ်ကျောင်း၊ အထက်တန်း ကျောင်းခွဲ တစ်ကျောင်း၊ ခုတင်-၂ဝဝ ဆံ့ ပြည်သူ့ဆေးရုံ၊ သူနာပြု သင်တန်းကျောင်းနှင့် ဘာသာပေါင်းစုံ အဆောက်အအုံများဖြင့် အလွန် စည်ကားလျက်ရှိသည်။
ဖလမ်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၆ဝရှိကာ မြို့အနီးအနားရှိ ကျေးရွာများမှ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက် မျိုးစုံကို ဖလမ်းမြို့နေ ပြည်သူများက သန့်ရှင်းလတ် ဆတ်စွာဝယ်ယူစားသုံး နိုင်ကြပြီး သောက်သုံးရေ အတွက် တောတောင် များကြားမှ ထွက်ရှိသော သဘာဝစိမ့်စမ်း ရေများကိုသာ အသုံးပြုသည်။ ငဆစ်ဗား ရေအား လျှပ်စစ်မှလည်း ၂၄နာရီ လျှပ်စစ်မီး ရရှိသဖြင့် ပြည်သူများ နေထိုင်မှု အဆင်ပြေကြပြီး လေကောင်း လေ သန့်၊ ရေကောင်း ရေသန့် များ ခံစားရရှိကာ အလွန် သာယာ ပျော်ရွှင်စရာ ကောင်းလှသည့် မြို့ဖြစ်သည်။
နိုင်ငံတော် အစိုးရကလည်း မြို့သာယာလှပရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အပြင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ပံ့ပိုးကူညီမှုများ ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိရာ ဖလမ်းမြို့သည် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အပါအဝင် ဘက်စုံကဏ္ဍ စုံဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက် လာတော့မည် ဖြစ်သည်။ ။
ဂျိုးနက် -MWD

အိန္ဒိယနိုင်ငံနှင့် အဓိကကုန်သွယ်မှုပြုလုပ်သည့် ရိဒ်နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရန်လိုအပ်

အိန္ဒိယနိုင်ငံနှင့် အဓိကကုန်သွယ်မှုပြုလုပ်သည့် ရိဒ်နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရန်လိုအပ်
၂၀၁၅ ခုနှစ် မတ် ၁၄ (ရိဒ်) သတင်း- CL ထန်းငါ
၂ဝ၁၅ ခုနှစ်တွင် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်ရန် နှစ်ဖက်သဘော တူညီထားသည့်အလျောက် လက်ရှိ နှစ်ဖက်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှုတိုးတက်မှုများ ရှိသော်လည်း နယ်စပ်ကုန်သွယ်ရေးအနေဖြင့် အဓိကကျသည့် ချင်းပြည်နယ် ရိဒ်-မီဇိုရမ်းပြည်နယ် ဇိုခေါထာရ် နယ်စပ်တွင် ၅ လအတွင်း ကုန်သွယ်မှု ဆက်လက်လျော့နည်းလျက်ရှိကြောင်း သိရသည်။
ယခုလက်ရှိ ရိဒ်နယ်စပ်စခန်းမှ ကုန်သွယ်မှုသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ ခုနှစ် မတ်လဆန်းပိုင်းအထိ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ဆက်တိုက်ကျဆင်းမှုများရှိကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏စာရင်းအရ သိရသည်။
၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ယခု မတ်လ ၆ ရက်နေ့အထိ အဆိုပါစခန်းတွင် ပို့ကုန်ဒေါ်လာ ၈.၈၃၃သန်း၊ သွင်းကုန်ဒေါ်လာ ၄.၇၀၅ သန်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃.၅၃၈ သန်းသာ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇.၅၇၇ သန်း ဖြစ်သောကြောင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၄.၀၃၉ သန်း လျော့နည်းသည်။
လက်ရှိ မြန်မာနှင့် အိန္ဒိယနိုင်ငံသည် တမူးနှင့် ရိဒ်နယ်စပ်စခန်းများတွင် ကုန်သွယ်မှုပြုလုပ်ရာ နယ်စပ်စခန်းနှစ်ခု၏ကုန်သွယ်မှုအနေဖြင့် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၂ အထိ တိုးတက်မှုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။
ယခု ရိဒ်နယ်စပ်ကုန်သွယ်မှုကျဆင်းခြင်းသည် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်းနှင့် ရှောင်ကွင်းလမ်းများမှ တရားမ၀င် ကုန်သွယ်မှုများပြားခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ကလေး-တီးတိန်-ရိဒ် ကုန်သွယ်ရေးလမ်းပေါ်တွင် စစ်ဆေးရေး/အကောက်ခွန် စသည့်ဂိတ်များပြားမှုကြောင့် ခရီးကြန့်ကြာမှု စသည့် ကုန်စည်စီးဆင်းမှုအဟန့်အတားများရှိခြင်းများအား အဓိကဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
တဖက် မီဇိုရမ်းပြည်နယ်မှ ကုန်ပစ္စည်းများ ပိုမိုတင်သွင်းရန် လိုအပ်လာသည်သကဲ့သို့ မကြာသေးမီက နေပြည်တော်တွင် ကျင်းပခဲ့သော ပဥမမြောက် နှစ်နိုင်ငံပူးတွဲကုန်သွယ်ရေးကော်မတီအစည်းဝေး၏သဘောတူဆုံးဖြတ်ချက်အရ ဇိုခေါထာရ် ကုန်းမြေအကောက်ခွန်စခန်း (Zokhawthar Land Custom Station) အမြန်ဆုံးပူးပေါင်းဖွင့်လှစ်နိုင်ခြင်းသည် ဇိုခေါထာရ်-ရိဒ် ကုန်သွယ်ရေးတိုးမြှင့်ရေးအတွက် အဓိကဦးစားပေးဆောင်ရွက်သွားမည့်လုပ်ငန်းတစ်ခုလည်းဖြစ်သည်။
လယ်ယာစိုက်ပျိုးထွက်ကုန်နှင့် စွမ်းအင်သယံဇာအရင်းအမြစ် ပေါများသည့် ချင်းပြည်နယ်သည် ဒေသတည်ငြိမ်အေးချမ်းသည့်ဒေသတစ်ခုဖြစ်သော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အနည်းဆုံးဒေသတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သတ်ရ စစ်ကိုင်းတိုင်းဒေသကြီး တမူး- မဏိပူရ်ပြည်နယ် မိုးရေး နယ်စပ်မှ ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀.၃၃၂ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယင်းပမာဏသည် ယခင်နှစ် အလားတူကာလထက် ဒေါ်လာ ၁၇.၀၁၄ သန်း တိုးတက်မှု ရှိကြောင်း အဆိုပါစခန်း၏စာရင်းတွင် ဖော်ပြချက်အရ သိရသည်။
တနည်းအားဖြင့် တမူးးနှင့် ရိဒ် စခန်းနှစ်ခုအကြားတွင် ကုန်သွယ်မှုပမာဏကွာခြားချက်များ တိုးတက်လာနေကြောင်း၊ ယခင်ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅.၇၄၁ သန်းသာ ရှိပြီး ယခုတွင် ဒေါ်လာ ၂၆.၇၉၄ သန်းအထိ ကွာခြားလာနေသည်ကို တွေ့ရသည်။
တမူး-မိုးရေး ကုန်သွယ်မှုသည် တစ်ဖက်မဏိပူရ်ပြည်နယ်အတွင်း နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်းနှင့် မြေပေါ်မြေအောက်အဖွဲ့အစည်းများက မကြာခဏကုန်သွယ်ရေးလမ်းပိတ်ဆို့ဆနပြမှုများကြောင့် ကုန်စည်စီးဆင်းမှုအဟန့်အတားများရှိသော်လည်း လျာထားချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနှင့် အိန္ဒိယ နယ်စပ်ကုန်သွယ်မှုပြုလုပ်ရာတွင် အဓိကကျသည့်ပို့ကုန်ပစ္စည်းများမှာ-ကွမ်းသီး၊ ဂျင်းအခြောက်၊ ပဲစင်ငုံ၊ မတ်ပဲ၊ စနွင်းမြစ်၊ ရေစင် နှင့် ဆေးဘက်ဝင်ပစ္စည်း စသည်တို့ဖြစ်ပြီး အဓိကကျသည့် သွင်းကုန်ပစ္စည်းများမှာ-ချည်မျှင်၊ ယာဉ်ယန္တရားများ၊ပဲငါးပိပဲ စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းအပြင် ဓာတ်မြေသြေဇာ၊ ဆံပင် စသည်တို့ ဖြစ်သည်။
၂၀၁၅ ခုနှစ် မတ်လ ၆ ရက်နေ့အထိ အဆိုပါနယ်စပ်ကုန်သွယ်မှုမှ ပို့ကုန်ဒေါ်လာ ၃၈.၂၅၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၅.၆၁၂ သန်း၊ကုန်သွယ်မှုဒေါ်လာ ၅၃.၈၇ သန်းဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်အလားတူကာလ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၀.၈၉၅ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၁၂.၉၇၅ သန်း တိုးတက်မှုရှိသည်။
တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (Individual Trading Card) ဖြင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် တမူးစခန်းတွင် ကျပ် ၉၄၇၂၄၃၀၈၀.၂၅၃ ၊ ရိဒ်စခန်းတွင် ကျပ် ၃၂၄၃၇၃၀၃၆.၂၄၀ ၊ ကုန်သွယ်မှုပမာဏစုစုပေါင်း ကျပ် ၁၂၇၁၆၁၆၁၁၆.၄၉၃ ဖြစ်ပြီး ရိဒ်စခန်းအနေဖြင့် ယနေ့အထိ ITC ကတ်ထုတ်ပေးနိုင်မှုမှာ သုံးဦးရှိပြီး ယင်းကတ်ဖြင့် ပို့ကုန်ပစ္စည်းမှာ မုန့်မျိုးစုံ စသည်များ၊ သွင်းကုန်ပစ္စည်း- နိုင်လွန်ချည်နှင့် ချည်ဆိုးဆေး၊ အားဖြည့်အချိုရည် စသည့်လုပ်ငန်းသုံးကုန်ပစ္စည်းဖြင့် ကုန်သွယ်လျက်ရှိသည်။
ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိရန် ရည်မှန်းထားပြီး ဆောင်ရွက်လျက်ရှိရာ နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေးအနေဖြင့် တမူးနယ်စပ်စခန်းတွင် ဆောင်ရွက်သည့်နည်းတူ ရိဒ်နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန် လိုအပ်နေပြီဟု လေ့လာစုံစမ်းသိရှိရသည်။

အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည့် ကလေးမြို့

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ခရိုင်လေးခရိုင်တွင် တစ်ခုအပါအ၀င်ဖြစ်သော ကလေးမြို့သည် ရပ်ကွက်ကြီး ၁၉ရပ်ကွက်နှင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၄၁ အုပ်စုတို့ဖြင့် ဖွဲ့စည်းထားသည်။ ကလေးမြို့နယ်တွင် လူဦးရေသုံးသိန်းကျော်နေထိုင်ကြကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အိမ်ခြေနှင့် လူဦးရေတိုးတက်မှု အလွန်မြန်ဆန်လျက် စစ်ကိုင်းဒေသကြီးအတွင်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသောမြို့ဖြစ်သည်။

ကလေးမြို့ကို ကောဇာသက္ကရာဇ် ၃၂၈ခုနှစ်တွင် ကျေးတောင်ညိုမင်းကြီးက စတင်တည်ထောင်ခဲ့ပြီး ရွှေတောင်မြို့၊ စဉ်းတုံမြို့၊ မန်လုံမြို့နှင့် ခမ်းပတ်မြို့ လေးမြို့က ကာရံထားသောကြောင့် ကာလေးမြို့ဟု သမုတ်ခဲ့ရာမှ ယခုအချိန်တွင် ကလေးမြို့ဟု ခေါ်ဆိုခဲ့ကြောင်း၊ စတင်တည်ထောင်သူ ကျေးတောင်ညိုမင်းကြီးအပါအ၀င် မင်းဆက်လေးဆက်ဖြင့် ဆက်လက်တည်ထောင်ထားခဲ့ကြောင်း ကြားသိရသည်။ မြို့အနီးတွင် သဘာဝကို လွန်ဆန်လျက် တောင်မှ မြောက်သို့ စီးဆင်းသည့် မြစ်သာမြစ်နှင့် ကန့်လန့်ဖြတ်တည်ရှိသော တောင်ဖီလာတောင်တို့ရှိသဖြင့် ထူးခြားသည့် မြို့တစ်မြို့ဖြစ်သည်။

ကလေးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၀၀တွင် တည်ရှိပြီး အရှေ့မှ အနောက်သို့ မိုင် ၆၀၊ တောင်မှမြောက်သို့ ၈၈မိုင်နှင့် ဧရိယာစတုရန်းမိုင် ၃၃၃၆ဒသမ ၅၅၆မိုင် ကျယ်ဝန်းသည်။ မြို့အ၀င်မုခ်ဦးကြီးများလည်း ခံ့ညားထည်ဝါစွာဆောက်လုပ်ပြီး ဖြစ်သည်။

ကလေးမြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ပေးမှုနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကလေးခရိုင်စီမံခန့်ခွဲမှု ကော်မတီသည် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တစ်နှစ်တာကာလအတွင်း၌ ကလေးမြို့သာမက မြို့နယ်အတွင်း ကျေးလက်ဒေသများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင်လည်း ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်နေရပြီဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးတွင်လည်း ကလေးမြို့သည် ချင်းပြည်နယ်၊ အိန္ဒိယနယ်စပ် တမူးမြို့၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နှင့် နီးကပ်စွာတည်ရှိနေပြီး ကလေးဝမြို့မှတစ်ဆင့် မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့အထိသွားလာရန်
ရေကြောင်း၊ ကုန်းကြောင်းလမ်းများဆုံရာမြို့ဖြစ်သည်။ ထို့အပြင် လေဆိပ်၊ ရထားဘူတာနှင့်
အဝေးပြေးယာဉ်ရပ်နားဝင်းများတည်ရှိရာမြို့ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးလွယ်ကူသလို မြို့တွင်း မြို့ပြင်တံတားများကိုလည်း သံကူကွန်ကရစ်တံတားကြီးများဖြင့်  တည်ဆောက်ထားသဖြင့် ခရီးလမ်းချောမွေ့သောမြို့လည်း ဖြစ်သည်။

ပညာရေးကဏ္ဍတွင်လည်း တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များနှင့် အထက်တန်းကျောင်း ငါးကျောင်းရှိပြီး ကျန်းမာရေးကဏ္ဍအတွက်လည်း ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ ခုတင်(၁၀၀)ဆံ့ စစ်ဆေးရုံ၊ ဆောက်လုပ်ဆဲ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများရှိသည်။ ထို့အပြင် အဆင့်မြှင့်တင်ဆောက်လုပ်ဆဲ ခရိုင်အဆင့် ပြည်သူ့အားကစားကွင်းကြီးလည်းရှိရာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍများအတွက်လည်း ပူပင်ရန်မရှိသောမြို့ဖြစ်သည်။

စီးပွားရေးအရလည်း ဆန်ရေစပါးပေါများ ကြွယ်ဝခြင်း၊ နယ်စပ်ဒေသကုန်သွယ်မှုကောင်းခြင်း၊ မြို့မဈေး၊ ပင်လုံဈေးနှင့် တာဟန်ဈေးကြီးတည်ရှိခြင်းနှင့် စက်မှုဇုန်များတည်ရှိရာမြို့လည်း ဖြစ်သဖြင့် အလုပ်အကိုင်၊အခွင့်အလမ်း ပေါများသည်။ ယခုအချိန်တွင် ကလေးမြို့သည် မြို့ကြီးအင်္ဂါရပ်နှင့် ပြည့်စုံလျက် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ပြည်သူများ စည်းလုံးညီညွတ်စွာ နေထိုင်ရာမြို့ဖြစ်သည်။ နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိပြီး စီးပွားရေးအချက်အချာကျသောမြို့လည်း ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ဘက်စုံကဏ္ဍစုံတွင် အရှိန်အဟုန်ဖြင့် အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိနေပြီဖြစ်သည်။

ဂျူနိုင်း
ဖေဖော်ဝါရီ(၁၆၊၂၀၁၅)၊ မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲ

ရေးသူ-အစိုင်း 

Self-confidence ကို လူတော်တော်များများသိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လိုက်နာမှုအားနည်းတာကြောင့် အမှန် တကယ် ကိုယ်ရှိနေတဲ့ Level ၊ ကိုယ်သိထားတဲ့ Knowledge တွေက ကျားဖြစ်နေပေမဲ့ လုပ်ဆောင်ချက်တွေမှာ ကြောင်သာသာ ဖြစ်နေရတာတွေတွေ့ကြရမှာပါ။ ကျွန်တော်တို့တစ်တွေရဲ့ဘ၀ရှု ထောင့်ကဏ္ဍပေါင်းစုံမှာ Self-confidence ရဖို့ နေ့စဉ်နဲ့အမျှ လှုပ်ရှားရုန်းကန်နေကြရပါတယ်။ ၀မ်းနည်းဖို့ကောင်းတာက လူတွေ မှာ Self-confidenceခန ချို့တဲ့တဲ့အတွက် စက်ဘီးစီးရာမှာ ဘီး ပေါက်တယ်ဆိုတဲ့အပြစ်အနာအဆာလေးတစ်ချက်ကြောင့် လိုရာကို လွယ်လွယ်ကူကူမရောက်နိုင်သလို အောင်မြင်မှုပန်းတိုင်ကိုရောက် ရှိဖို့ ဘ၀မှာခက်ခဲနေကြတာတွေ့ကြရမှာပါ။ ဒီလိုခက်ခဲမှုရလဒ်တွေ ကြုံတွေ့လာရပြီးနောက် အလားတူပန်းတိုင်မျိုးဆွတ်ခူးဖို့ စိတ်မပါ တော့ဘဲ ကြောက်ရွံ့တွန့်ဆုတ်မှုတွေ၊ စမ်းတ၀ါးဝါးလုပ်ဆောင်မှု တွေ၊ အလွန်အမင်းငြင်းဆန်တောင်းပန်လာမှုတွေကို ဇောင်းပေး အသားပေးလာပါတော့တယ်။ ဒါဆိုသင်ဟာ ယုံလွယ်အောင်ပြော တတ်တဲ့၊ တစ်ပါးသူရဲ့စည်းရုံးမှုအောက်မှာ သူသိထားတာကိုပဲ လုပ်လုပ်၊ မသိတာကိုပဲလုပ်လုပ် သင်ကတော့ ထောက်ခံဖို့အသင့် ဖြစ်နေတော့တာပါပဲ။
Self-confidence ကိုတည်ဆောက်ဖို့ အရေးကြီးဆုံး အခြေခံအချက်က သတ္တိ (Courage) ပါပဲ။ ‘Courage is when you are scared, and in spite of your fear, you do what has to be done.’’’ ကြောက်ပေမဲ့ လုပ်သင့်လုပ်ထိုက်တာကိုလုပ် လိုက်တာဟာ သတ္တိပါပဲ။ တကယ်တော့ ယုံကြည်မှုခွန်အားရစေဖို့ သတ္တိရှိဖို့လိုသလို သတ္တိရှိဖို့အတွက်လည်း ယုံကြည်မှုခိုင်ခိုင်မာမာ တော့ရှိရမှာပါ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ သဘောတရားပါပဲ။
ကျွန်တော်တို့ဟာ လူတွေကိုလှုံ့ဆော်ဖို့ ငွေဆိုတာ အရေး တကြီးလိုအပ်မယ်မထင်ဘူး။ 
တရားနည်းလမ်းကျတဲ့လှုံ့ဆော်မှုရှိ ဖို့ အဓိကအရေးကြီးဆုံးက မိမိကိုယ်မိမိယုံကြည်မှုတည်ဆောက် လိုက်တာပါပဲ။ မိမိရဲ့ပရိသတ်၊ သူငယ်ချင်း၊ အထက်လူကြီး၊ ဖောက် သည်၊ အဆင့်အတန်းတူသူစသဖြင့် သူတို့နဲ့ပလဲနံပသင့်အောင် ပေါင်းနိုင်ဖို့ Self-confidence ရှိကိုရှိရပါမယ်။ သူတို့ဆီက ယုံကြည်မှုရရှိပြီဆိုတာနဲ့ သင်ဟာ အောင်မြင်မှုတံခါးပေါက်ရဲ့ သော့ချက်ကိုရှာတွေ့လိုက်တာပါပဲ။ Self-confidence ရှိလာ တာနဲ့ စန္ဒီမြင့်လွင်သီချင်းထဲကလို စကားလုံးလှလှလေးနဲ့လာ မချုပ်နဲ့" မဟုတ်တော့။ စကားလုံးလှလှလေးနဲ့ လူတွေကိုလွှမ်းမိုး ချုပ်ကိုင်နိုင်ဖို့အသင့်ဖြစ်နေပါပြီ။ စကားလုံးလှလှလေးတွေပြော တတ်ဖို့အတွက် အတိုကောက် ၇ဃ ကို အလွယ်တကူမှတ်သားထား နိုင်ပါတယ်။ Clear ၊ Correct ၊ Complete ၊ Concise ၊Consistent ၊ Courtesy ၊Convincing တို့ပါပဲ။ Clear သင်ပြောတဲ့ စကားလုံးတွေက ရှင်းရှင်းလင်းလင်းဖြစ်ရပါမယ်။ Correct သင် ပြောတဲ့ရှင်းလင်းတဲ့စကားလုံးတွေက အမှန်တွေဖြစ်ရပါမယ်။ Complete သင်ပြောတဲ့အမှန်တွေက ကျစ်လျစ်ပြည့်စုံရပါမယ်။ Concise သင်ပြောတဲ့ပြည့်စုံမှုဟာ လိုတိုရှင်းဖြစ်ရပါမယ်။Consistent သင်ပြောတဲ့လိုတိုရှင်းစကားလုံးဟာ ပရမ်းပတာမဟုတ်ဘဲ ရှေ့နောက်ညီရပါမယ်။ Courtesy သင်ပြောတဲ့ရှေ့နောက်ညီ စကားလုံးတွေဟာ တစ်ပါးသူနားမှာနားဝင်ချိုပြီးယဉ်ကျေး သိမ်မွေ့နေရပါမယ်။ Convincing သင်ပြောတဲ့ယဉ်ကျေး သိမ်မွေ့ မှုဟာ အများနားလည်သဘောပေါက်ယုံကြည်စိတ်ချရမယ် ဆိုတာပါပဲ။
သင့်ရဲ့Self-confidenceန အဆင့်အတန်းကို သင့်ရဲ့ နေထိုင်မှုအလေ့အကျင့်၊ လက်ဟန်ခြေဟန်စကားပြောပုံအနေ အထား၊ ဘယ်လိုစကားပြောသလဲ၊ ဘာတွေကိုပြောသလဲ စသဖြင့် နည်းလမ်းများစွာနဲ့ပြသနိုင်ပါတယ်။
Self-confidence ရှိသူမှာ တခြားသူတွေရဲ့ ဝေဖန် ကဲ့ရဲ့မှုတွေ၊ ပျက်ရယ်ပြုမှုတွေရှိနေတာတောင်မှ မိမိယုံကြည်ရာကို လုပ်ကြတယ်။ စွန့်လွှတ်စွန့်စားလုပ်ရတဲ့အလုပ်မျိုးကို လိုလို လားလားလက်ခံပြီး အောင်မြင်အောင်လုပ်ပြကြတယ်။ လုပ်ခဲ့သမျှ မှားယွင်းမှုတွေကိုဝန်ခံပြီး အမှားတွေထဲက သင်ခန်းစာယူတတ် ကြတယ်။ လုပ်ဆောင်ချက်ပြီးမြောက်မှုအပေါ် အခြားလူတွေရဲ့ ချီးကျူးထောပနာပြုမှုကို စောင့်ဆိုင်းနေတတ်ကြတယ်။ တစ်ပါးသူ တွေရဲ့ချီးမွမ်းစကားကို "ကျွန်တော် တကယ်ပဲ အဲဒီအပေါ်မှာကြိုး စားပြီးလုပ်ခဲ့ရတယ်။ ကျွန်တော့်ရဲ့အရည်အချင်းကိုအသိအမှတ် ပြုတဲ့အတွက် ကျေးဇူးပါပဲ" လို့ ချစ်ခင်နှစ်သက်ဖွယ်ပြန်ပြောတတ် ကြတယ်။ ဒါမှမိမိကိုယ်မိမိ အားရကျေနပ်လာမယ်၊ ယုံကြည်မှုတွေ တိုးပွားလာမယ်။ အကောင်းထဲက အဆိုးအနေနဲ့ Over Self-confidence မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲလွန်းရင်လည်း ပညာလွန် တော့ မာနဖြစ်ရပါတယ်။ မောက်မာဝင့် ကြွားတာမျိုးမဖြစ်စေဖို့ Remind သတိကပ်ဖို့တော့လိုတာပေါ့။ Remind လုပ်ဖို့ Result ရလဒ်နဲ့ Review ပြန်လည်ဆန်းစစ်ဖို့တော့လုပ်ရမှာပါ။ 

Self-confidence နဲ့ Self-confidenceလွန်ကဲနေ တတ်တဲ့သူတွေမှာရှိတတ်တဲ့ ပုဂ္ဂလအရည်အချင်းတွေက ဒွန်တွဲနေ တတ်တယ်။ ပြောဆိုပြုမှုပုံတွေပေါ်မူတည်ပြီး ခွဲခြားကြည့်ရမှာပါ။ အောက်ပါအချက်တွေနဲ့တိုင်းတာကြည့်ပါမယ်။
၁။ ပုဂ္ဂိုလ်ရေးအရည်အချင်းရှိခြင်း
၂။ Óဏ်ပညာကြီးမားခြင်း
၃။ တရားမျှတခြင်း
၎။ စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် တည်ကြည်ဖြောင့်မတ်ခြင်း
၅။ ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း
၆။ ပရိယာယ်ကြွယ်ဝခြင်း
၇။ သွက်လက်ဖျတ်လတ်ခြင်း
၈။ ခွန်အားကြီးမားခြင်း
၉။ ရုပ်ရည်ချောမောလှပခြင်း
၁၀။ အရွယ်ရောက်ခြင်း
၁၁။ ဥစ္စာဓနကြွယ်ဝခြင်း
၁၂။ မျိုးရိုးမြင့်မြတ်ခြင်း

နံပါတ် ၁ ကနေ ၇ ထိက Self-confidence ရှိသူတွေ ရဲ့ Intelligence ဥာဏ်ပညာနဲ့ Effort ကြိုးစားအားထုတ်မှုဖြစ် လို့ လုံးဝသေချာပေါက်ဖြစ်ပြီး တချို့တွေမှာ နံပါတ် ၈ ကနေ ၁၂ အထိက ရုပ်ပိုင်းဆိုင်ရာအရည်အချင်းပေါ်အားကိုးပြီး Self-confidence လွန်ကဲတတ်ကြပါတယ်။

ဟီရိသြတ္တပ္ပမရှိတဲ့ အရှက်တရား Immodesty ဟာ Self-Confidence လွန်ကဲမှုရဲ့ရလဒ်ပဲဖြစ်ပြီး တစ်ခုခုလုပ်ရမှာ၊ ပြောလိုက်ရမှာ၊ မိမိသွင်ပြင်အနေအထားကိုသိမ်ငယ်ပြီး ရှက်နေ တဲ့အရှက်တရား၊ Shame ကတော့ Low Self-confidence ရဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ Low Self-confidence တွေရဲ့ အကြောက်တရားနှစ်မျိုးက အကြောင်းရင်းကိုသိလို့ကြောက်တဲ့ အကြောက်တရား(Fear) နဲ့ အကြောင်းရင်းလည်းမသိ ဘာမှန်း မသိတဲ့ ခဲမှန်ဖူးတဲ့စာသူငယ်လိုအကြောက်တရား(Dread)တို့ပဲ ဖြစ်ပါတယ်။ Low Self-confidence ရှိသူတွေနဲ့ အကြောက် တရားတွေကို နေ့စဉ်တွန်းလှန်ဖို့ မိမိကိုယ်ကိုလေ့ကျင့်ယူရမှာဖြစ် ပါတယ်။ လူဆိုတာကတော့ ပြည့်စုံတယ်ရယ်လို့မရှိပါဘူး။ မရှိသေး တဲ့ပြည့်စုံမှုအတွက် မိမိစရိုက်လက္ခဏာ Characteristic တွေကို ပြင်ယူလေ့ကျင့်ယူရတာဖြစ်ပါတယ်။ လေ့ကျင့်မှုများလာရင် အလေ့ Habit ဖြစ်လာပြီး မိမိစရိုက်လက္ခဏာအနေနဲ့ အသွင်ပြောင်း သွားတော့တာပါပဲ။ ကိုယ်မထိတွေ့ဖူးတဲ့အရာ၊ ကိုယ်မသိသေးတဲ့ အရာတွေနဲ့ကြုံတွေ့ရတဲ့အခါမျိုးမှာလည်း Low Self-confidence ဖြစ်တတ်ကြပါတယ်။ ဒါကသဘာဝကျနိုင်ပြီး စူးစမ်းလေ့ လာဖို့ သတ္တိနဲ့ အချိန်တစ်ခုတော့လိုပါလိမ့်မယ်။ 

Low Self-confidence ရှိသူတွေမှာ တခြားလူတွေး ထားသမျှ ညွှန်ပြသမျှကိုပဲအခြေခံပြီး ကိုယ်ပိုင်အတွေးအခေါ် မထုတ်ဘဲ အသင့်စားလုပ်ဆောင်တတ်ကြတယ်။ စွန့်စားမှုတွေနဲ့ ကျရှုံးသွားမှာကိုကြောက်တဲ့ကြောက်ရွံ့မှုတွေ ကြုံတွေ့ရမှာစိုးတဲ့ အတွက် သက်သောင့်သက်သာပဲရှိတဲ့ မလုပ်မရှုပ်မပြုတ်ထဲမှာပဲ နေတတ်ကြတယ်။ အမှားတွေကိုဖုံးကွယ်ဖို့ကြိုးစားပြီး တစ်စုံ တစ်ယောက်မသိခင် ကိုယ့်ဘာသာကိုယ်ဖြေရှင်းလိုက်နိုင်မှာပဲလို့ မျှော်လင့်ထားတတ်ကြတယ်။ မိမိရဲ့လက်ကိုင်တရားဟာ တခြားလူ တွေလိုဖြစ်နိုင်ခြေရှိတယ်လို့ မကြာခဏဆိုသလို မိမိဘာသာထုတ် ဖော်ချီးကျူးနေတတ်တယ်။ ]]အဲဒါက အမှန်တကယ်က ဘာမှ မဟုတ်ပါဘူးကွာ ဘယ်သူမဆိုလုပ်တတ်တာပဲ}} လို့ တစ်ပါးသူရဲ့ ချီးကျူးထောမနာပြုမှုကို ပယ်ရှားပစ်တတ်ကြတယ်။ မိမိကိုယ်ကို ကျိုးနွံစွာနေတာ၊ ချီးမွမ်းမခံရဲတာတွေဟာ ကြာလာတာနဲ့အမျှ Low Self-confidence ဖြစ်လာတော့တာပါပဲ။ မြှောက်လုံးပင့် လုံးတွေကိုလည်း ကြောက်ရွံ့တဲ့အတွက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူတော်တော်များများက ကျိုးနွံစွာနေတာ၊ သိမ်ငယ်စွာနေတာကို ရောင့်ရဲတတ်တယ်လို့ အရှေ့တိုင်းသားတွေကမှတ်ယူပြီး အမှတ် ပေးကြတယ်။ အမှန်တကယ်က အရှိကိုအရှိအတိုင်းမြင်ပေးရမှာပါ။ လူတစ်ယောက်ဟာ ချီးမွမ်းထိုက်တယ်ဆိုရင် မြှောက်လုံးပင့်လုံး မပါဘဲချီးမွမ်းပြီး၊ ချီးမွမ်းခံရသူဟာလည်း မိမိလုပ်ဆောင်ချက် အပေါ် မိမိအားရကျေနပ်မယ်ဆိုရင် လူ့အဖွဲ့အစည်းတွေဟာ ပိုပြီးတိုးတက်ဖို့ရာပဲရှိမယ်။ ပင်ကိုအရည်အချင်းထက် ကြိုးစားမှု ၀ီရိယကိုအသိအမှတ်ပြုတာက ပိုကောင်းမယ်ထင်တယ်။ အရမ်းကို Sensitive ဖြစ်လွန်းတဲ့ Low Self-confidence ရှိသူတွေဟာ အဆိုးဆုံးပြောရရင် ပြဿနာကိုရင်မဆိုင်ရဲဘဲ မိမိကိုယ်ကိုသေ ကြောင်းကြံစည်မှုကြီးတွေပါ လုပ်ကြတာကိုတွေ့ကြရမှာပါ။
Self-confidence မှာ Self-efficacy မိမိကိုယ်စွမ်း ကိုယ်စနဲ့ Self-esteem မိမိကိုယ်ကိုတန်ဖိုးထားမှုတို့ရှိနေတယ်။ Self-efficacy မှာ မိမိကျွမ်းကျင်တတ်မြောက်ထားတဲ့ အတတ် ပညာနဲ့ပန်းတိုင်ကိုရရှိမယ်လိမ့်မယ်လို့ မိမိအရည်အချင်းကို အာရုံ သိဖြစ်နေကြတယ်။ လေ့လာသင်ယူမှုနဲ့ ပြင်းပြင်းထန်ထန်ကြိုးစား အားထုတ်ရင် အောင်မြင်လိမ့်မယ်လို့ယုံကြည်ကြတယ်။ ဒီယုံကြည် မှုပေါ်မူတည်ပြီး လူတွေကိုဦးဆောင်ဖို့ရာ ခက်ခဲလွန်းတဲ့စိန်ခေါ်မှု တွေနဲ့ရင်ဆိုင်ရမယ့်အဟန့်အတားတွေရှိနေလိမ့်မယ်လို့ လက်ခံ ထားကြတယ်။ Self-esteem မှာ ယေဘုယျအားဖြင့် မိမိတို့ရဲ့ဘ၀ ရှင်သန်မှုကို နိုင်နိုင်နင်းနင်းထိန်းကျောင်းနိုင်မယ်၊ ပျော်ရွှင်မှုတွေ အမှန်တကယ်ရှိလာလိမ့်မယ်လို့ အာရုံသိဖြစ်နေကြတယ်။ ပျော် ရွှင်မှုတွေရဖို့ရာ အသိလေးမြင့်ဖို့ တန်ဖိုးထားလာကြတယ်။ မိမိ ကိုယ်ကိုတန်ဖိုးထားလာတာနဲ့အမျှ ယုံကြည်မှုတွေ၊ လက်ခံနိုင်စွမ်း တွေမြင့်တက်လာတယ်။

မိမိကိုယ်မိမိ ယုံကြည်မှုဘယ်လိုတည်ဆောက်ကြမလဲ
ဘ၀မှာ လုပ်ငန်းခွင်အတွင်း မိမိကိုယ်မိမိယုံကြည်မှု တည်ဆောက်ဖို့အချက်တွေကတော့-

၁။ ဘာတွေကို အောင်မြင်ခဲ့ဖူးပြီးပြီလဲဆိုတာကိုမြင်ကြည့်ပါ။
၂။ သင်ရဲ့အားသာချက်တွေ၊ အားနည်းချက်တွေကို သုံးသပ် ကြည့်ပါ (SWOT Analysis)။
၃။ ဘာတွေက သင့်အတွက်အရေးကြီးဆုံးလဲဆိုတာနဲ့ ဘယ် နေရာကိုသွားဖို့ သင်အလိုရှိတာလဲတွေးပါ။
၎။ သင်ရဲ့စိတ်ကို အနုတ်သဘောဆောင်တဲ့အပြောအဆိုတွေ ရှောင်ကြဉ်ဖို့တွေးပါ။
၅။ အောင်မြင်မှုကိုရရှိဖို့အတွက် သင့်ကိုယ်သင်ကတိပေးပါ။
၆။ အောင်မြင်မှုကိုရရှိဖို့အတွက် လိုအပ်တဲ့အသိပညာကို ရှာဖွေစုဆောင်းပါ။
၇။ အခြေခံကျမယ့်အချက်အလက်တွေအပေါ်မှာသာ အာရုံ စူးစိုက်ပါ။
၈။ ပန်းတိုင်ကြီးကြီးမရောက်ခင် ပန်းတိုင်ငယ်လေးတွေခွဲ ထုတ်ပြီး အောင်မြင်မှုရယူကြည့်ပါ။
၉။ ကျရှုံးမှုကိုကြံ့ကြံ့ခံမယ့်စိတ်ဓာတ်မျိုး ထိန်းသိမ်းမွေးမြူပါ။
၁၀။ အပေါ်ကအချက်တွေကိုလိုက်နာပြီး အောင်မြင်မှုဆီကို အရှိန်အဟုန်ဖြင့်ရွှေ့ပါ။

ဘ၀မှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ချစ်ခင်လေးစား ရသူတွေနဲ့တွေ့ဆုံတဲ့အခါ 
မိမိကိုယ်မိမိယုံကြည်မှုရှိစေဖို့နည်းလမ်း တချို့ကတော့

၁။ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချရမှုနည်းတာ၊ ရှက်တာ၊ အဆင့်အတန်းနိမ့်တာ၊ ရုပ်ရည်မလှမပမတင့်မတယ် ဖြစ်တာ၊ နောင်တရခဲ့၊ ရတာစတဲ့မချင့်မရဲဖြစ်ခဲ့ရသမျှ စာရွက်တစ်ရွက်ပေါ်ချရေးပြီး ငိုပစ်လိုက်၊ စာရွက်နဲ့မျက် ရည်သုတ်ပစ်ပြီး အားရအောင်စုတ်ဖြဲပစ်လိုက်ပါ။ အားလုံးကို စာရွက်ထဲမှာမေ့ပြီး အပေါင်းလက္ခဏာ ဆောင်မယ့်အချက်တွေကို သတ်မှတ်လုပ်ဆောင်ပါ။
၂။ မိမိအရင်းနှီးဆုံး သူငယ်ချင်း၊ ချစ်ရသူနဲ့ ကိုယ့်အပေါ် နားလည်ပေးနိုင်သူနဲ့ဆွေးနွေးပါ၊ တိုင်ပင်ပါ၊ ဖွင့်ပြောပါ၊ စိတ်ပေါ့ပြီး ယုံကြည်မှုတိုးစေပါတယ်။
၃။ လူဆိုတာ အမှားနဲ့ကင်းတာမှမရှိတာ၊ ဒါကြောင့် အမှား တွေပေါ်မှာပဲယူကြုံးမရဖြစ်ပြီး သိမ်ငယ်မနေပါနဲ့။ အမှား တွေထဲကသင်ခန်းစာယူပြီးရှေ့ချီတက်ပါ။
၎။ သင့်ရဲ့အောင်မြင်ခဲ့မှုတွေကို အဓိပ္ပာယ်ရှိရှိသတ်မှတ်ပါ။ လူဆိုတာက တစ်နေရာမဟုတ်တစ်နေရာ ထူးချွန်တာ ချည်းပါပဲ။ တချို့က အားကစားမှာတော်တယ်၊ တချို့က အနုပညာမှာတော်တယ်၊ တချို့က စာပေဗဟုသုတ ကောင်းတယ် စသဖြင့် မိမိကိုယ်မိမိသတ်မှတ်ပြီး အားရ ကျေနပ်မှုယူပါ။
၅။ မိမိမှာရှိတာတွေကို ကံအရဖြစ်ဖြစ်၊ ဘုရားသခင်က ပေးတာပဲဖြစ်ဖြစ် ကျေးဇူးတင်လိုက်ပါ။ ပြည့်စုံတဲ့မိသားစု ကိုယ့်မှာရှိတာ၊ ငွေကြေးချမ်းသာတာ၊ ခမ်းခမ်းနားနား အိမ်ကြီးမှာနေရတာစသဖြင့် ဘ၀မှာလူဖြစ်ရတာကို ကျေးဇူးတင်လိုက်ပါ။
၆။ အပေါင်းလက္ခဏာဆောင်ပါ၊ တခြားလူတွေရဲ့အားနည်း ချက်တွေကိုဝေဖန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၊ စာနာပါ၊ သနားပါ၊ ကိုယ်ချင်းစာကြည့်ပါ။
၇။ တစ်ပါးသူရဲ့ချီးမွမ်းတာကိုချီးမွမ်းခံရဲပြီး အပြုံးနဲ့ကျေးဇူး တင်ကြောင်းတုံ့ပြန်ပါ။
၈။ နေ့စဉ်မှန်ရှေ့မှာရပ်ပြီး ကိုယ့်မျက်နှာကိုကြည့်ပြီးစိတ်ပါပါ ပြုံးကြည့်ပါ။
၉။ အယောင်ဆောင်ဟန်ဆောင်မှု၊ ဟာသစတဲ့ ပေါ့ပေါ့ ပါးပါးလုပ်ရပ်မျိုးကို တစ်ပါးသူကိုပျော်ရွှင်အောင်စပါ။ မိမိလည်းပျော်ရွှင်လာပြီး ယုံကြည်မှုတိုးလာပါလိမ့်မယ်။
၁၀။ မိမိရဲ့စံနမူနာအလေ့အထ၊ ကောင်းတဲ့အလေ့အကျင့် တွေကိုလိုက်နာပါ၊ ဆေးလိပ်မသောက်ဘူး၊ အရက် မသောက်ဘူး၊ လာဘ်မစားဘူး စသဖြင့် ကိုယ်ကျင့်တရား ထိန်းကြည့်ပါ။
၁၁။ ပတ်ဝန်းကျင်မှာရှိတဲ့ တစ်ပါးသူနဲ့အပြန်အလှန်အကူ အညီပေးပါ၊ ယူပါ၊ ကျေးဇူးပဲလို့ပြောပါ။
၁၂။ မိမိကိုယ်မိမိ ပြီးပြည့်စုံတဲ့ သိသူတတ်သူဖြစ်ကြောင်း သတ်မှတ်ခြင်းမှရှောင်ကြဉ်ပါ။ သင့်ရဲ့ပန်းတိုင်ကို ထိန်းသိမ်းပါ။
ဒါမှ ကျွန်တော်တို့ဟာ လူအချင်းချင်း Face to Face ပြောရဲလာမယ်။ မျက်လုံးချင်း Eye Conact ရှိလာမယ်။ မိမိပေး လိုတဲ့ Messageတွဟာလည်း ပိုပြီးယုံကြည်စိတ်ချဖွယ်ဖြစ်လာ ပါလိမ့်မယ်။ ဘာသာရေးယုံကြည်မှုတွေဟာလည်း မိမိကိုယ်မိမိ ယုံကြည်စေရတဲ့အချက်တွေထဲကတစ်ချက်ဖြစ်ပါတယ်။ မိမိကိုယ် မိမိ ယုံကြည်မှုတိုးပွားပြီး ဘ၀မှာအညွန့်တလူလူတက်နေတဲ့လူငယ် လူရွယ်တွေဖြစ်ကြပါစေဗျာ။

နိုင်ငံမဲ့ ရိုဟင်ဂျာအရေး ဘယ်လိုဖြေရှင်းမလဲ

ကမ္ဘာတလွှားမှာ နိုင်ငံမဲ့နေသူ ၁၀ သန်းလို့ ပြောတဲ့အထဲ မြန်မာ နိုင်ငံ တစ်ခုတည်းမှာတင် နိုင်ငံမဲ့ ဘဝကနေ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးရမယ့် ရိုဟင်ဂျာ အရေအတွက် က ၁ သန်း လောက် ရှိတယ်လို့ ဆိုတဲ့ အတွက် မြန်မာပြည်ဟာ နိုင်ငံမဲ့ ပြဿနာ ဖြေရှင်းဖို့ အလိုအပ်ဆုံး တစ်နိုင်ငံ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
၂၁ ရာစု မှာ နိုင်ငံတခုခုကမှ နိုင်ငံသားအဖြစ် အသိမှတ် အပြု မခံရသူတွေ ရှိနေတယ် ဆိုတာဟာ ခေတ်နောက်ပြန်ဆွဲမှု တခု မတိုးတက်တဲ့ အမှားအယွင်း တခု ဖြစ်တယ် ဆိုပြီး UNHCR ရဲ့ နိုင်ငံတကာ အကာအကွယ် ပေးရေး ဌာနကြီးမှုး Volker Turk က ပြောပါတယ်။
၁၀ နှစ် အတွင်း နိုင်ငံမဲ့နေသူတွေ ပပျောက်ရေး ဆိုပြီး ဟစ်ကြွေးလာတဲ့ ကုလသမဂ္ဂက ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်နေပါသလဲ။ လုပ်ဖို့ လိုအပ်ပါသလဲ ။
ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် UNHCR ရုံးရဲ့ ပြောခွင့်ရ Vivian Tan က အားလုံးအတွက် အကောင်းဆုံး ဖြစ်နိုင်တဲ့ အခြေအနေကို ဖန်တီးဖို့ ဆိုရင်၊ ပထမဆုံး အနေနဲ့ မြန်မာ အာဏာပိုင်တွေဘက်က လက်ရှိ အသက်ဝင်နေတဲ့ နိုင်ငံသားဥပဒေကို လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုတယ်၊ ဥပဒေနဲ့ ညီသူတွေကို နိုင်ငံသား အနေနဲ့ အသိအမှတ် ပြုပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းပါတယ်လို့ ပြောပါတယ်။
ရေရှည်မှာတော့ လက်ရှိ ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြုပြင် ပြောင်းလဲမှုတွေလည်း လုပ်ဆောင်ဖို့ လိုပြီး၊ ဒါမှလည်း လူတွေ နိုင်ငံသား အဖြစ် ပိုပြီး အသိအမှတ်ပြုခွင့် ခံရနိုင်မယ်လို့ ဆိုပါတယ်။
နောက်ပြီး အများပြည်သူတွေ အနေနဲ့လည်း နိုင်ငံသားဖြစ်ခွင့်ရှိသူတွေမှာ နိုင်ငံသား ဖြစ်ထိုက်ခွင့် ရှိရမယ် ဆိုတဲ့ အခြေခံ အတွေးအမြင် မျိုးကို သဘောပေါက် လက်ခံဖို့ လိုတယ်လို့ ကုလသမဂ္ဂက ရှု့မြင်ထားပါတယ်။
ဒါမှလည်း၊ ပိုမို ကျယ်ပြန့်ပြီး မျှတတဲ့ နိုင်ငံသား ဥပဒေတွေ ပြဌာန်း တည်ရှိလာအောင်၊ အများပြည်သူတွေက မိမိတို့ရဲ့ အစိုးရတွေကို ပြန်ပြီး၊ တိုက်တွန်း လှုံ့ဆော်နိုင်ပါလိမ့်မယ် ဆိုပြီး၊ Ms Tan က၊ သုံးသပ်ပါတယ်။
UNHCR အနေနဲ့ နိုင်ငံမဲ့ ပြဿနာကို ဖြေရှင်းဖို့ မြန်မာ အစိုးရနဲ့ အတူ ဆောင်ရွက်ခဲ့တာ နှစ် အတန်ကြာ နေပြီ ဖြစ်ပြီး လိုအပ်တဲ့ အကြံဉာဏ်တွေ ပြုတာ၊ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည် မြှင့်ပေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် UNHCR ရဲ့ အကြီးအကဲ Antonio Guterres ကိုယ်တိုင်က လက်ရှိ အခြေအနေမှာ ၁၀မိနစ်တိုင်း နိုင်ငံမဲ့ ကလေးတစ်ယောက် မွေးဖွားနေတယ် ဆိုပြီး ပြောထားတဲ့ အတွက် နိုင်ငံမဲ့ ပြဿနာကို ဖြေရှင်းတဲ့ အခါ အစိုးရတွေ မူဝါဒ သဘောထားနဲ့ ဥပဒေတွေ နိုင်ငံအသီးသီးက အများပြည်သူတွေရဲ့ အခြေခံ သဘောဆန္ဒ အယူအဆ တွေ ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်နေတဲ့ အခုအချိန်ကနေ နောက် ၁၀ နှစ် အတွင်း ကုလသမဂ္ဂက ရည်မှန်းသလို ၁၀ နှစ် အတွင်း ကမ္ဘာပေါ်မှာ နိုင်ငံမဲ့ ဖြစ်မှု ပပျောက်နိုင်ပါ့မလားဆိုတာကတော့ မေးခွန်း ထုတ်စရာ ဖြစ်ပါတယ်။

မြန်မာပြည်က သူဌေးလက်သစ်များနှင့် တွေ့ဆုံခြင်း

မိုးရာသီ၏ လေတဖြူးဖြူးတိုက်နေသော နေ့တစ်နေ့မှာ အသက် (၂၉)နှစ်အရွယ် ကာလ်မိုးမြင့်(ဖုန်းကျော်မိုးမြင့်)က အပြာရောင်ရှပ်အင်္ကျီ  ဘောင်းဘီအနက်တို့ ဖြင့် ရန်ကုန်ရွက်လှေအသင်းက လပ်မှာ    အပန်းဖြေနေပါသည်။ တောင်အာဖရိက၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများက  ရေပြင်တွေမှာ နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့မှု ကြောင့် သူ့အသားအရေက နေ လောင်ထားပါသည်။
ဗြိတိသျှကိုလိုနီခေတ် ၁၉၂၄ ခုနှစ်ကတည်းက တည် ထောင်ခဲ့သည့် ရန်ကုန်ရွက်လှေ ကလပ်က ရန်ကုန်မြို့၏ အချက် အချာအင်းလျားကန်မှာရှိပါသည်။ ဒုတိယကမ္ဘာစစ်တုန်းကလည်း ပျက်စီးခဲ့သလို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကလည်း ဖျက်ဆီး သွားသည့်အတွက် အသင်းအ ဆောက်အအုံ၊ စားသောက်ဆိုင်၊ ဘားနှင့် ရွက်လှေရုံတို့ကို ကာလ်မိုးမြင့်တို့  မိသားစုကပဲ  ငွေကြေး အမြောက်အမြားအကုန်ကျခံပြန် ဆောက်ထားရသည်။    အဆိုပါ ကလပ်သည် ရန်ကုန်မှာ တိုးလာ နေသည့် ချမ်းသာသောအထက် တန်းလွှာ    အသိုင်းအ၀ိုင်းတို့ အတွက်   ခိုနားရာဖြစ်၏။   စိမ်း လန်းသာယာသောဝန်းကျင်မှာ အပန်းဖြေချင်သူများကြောင့် ပြီးခဲ့ သည့်နှစ်က အသင်းဝင်အရေ အတွက် ၃၀ ရာခိုင်နှုန်းခန့်တက် လာသည်။
ကာလ်မိုးမြင့်၏ အဖေဦးမိုက်ကယ်မိုးမြင့်က ချမ်းသာကြွယ်ဝပြီး ရှားပါးစာအုပ်စုဆောင်းသူ။ ရွက် လှေအားကစားသမားနှင့် မြန်မာ နိုင်ငံအကြီးဆုံးပုဂ္ဂလိကပိုင် ရေနံ နှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီဖြစ် သည့် MPRL E&P ၏ အကြီး အကဲဖြစ်သည်။ ယမန်နှစ်က နိုင်ငံခြားကုမ္ပဏီများကို ကမ်းလွန် ရေနံလုပ်ကွက် ၂၀ ချထားပေးခဲ့ ရာ ဦးမိုက်ကယ်မိုးမြင့်၏ ကုမ္ပဏီ က လုပ်ကွက်ဖက်စပ်လုပ်ခွင့်ရခဲ့ သည်။ ဦးမိုက်ကယ်မိုးမြင့်၏ သား ကာလ်မိုးမြင့်ကမူ အခြားအာရုံ တွေကို စိတ်ဝင်စားသူဟုဆိုသည်။
‘‘ကျွန်တော်တို့ မိသားစုတွေ ဒီမှာရှိနေသရွေ့ ရွက်လွှင့်တာ တွေရှိနေမှာပဲ’’ဟု ကာလ်မိုးမြင့် က ပြောပါသည်။ သူက အမေရိ ကန်နိုင်ငံကော်လိုရာဒိုသတ္တုတွင်း ပညာသင်ကျောင်းက ၂၀၀၈ က ပြန်လာခဲ့သူဖြစ်ပါသည်။ သူက ထိုကျောင်းမှာ စီးပွားရေးပညာကို သင်ကြားလေ့လာခဲ့သည်။ ယခု အခါ ရန်ကုန်ရွက်လှေကလပ်ကို ပြန်လည်ထူထောင်ခြင်းထက် ကြီးသော စီမံကိန်းကြီးကို ယခု သူက လုပ်ကိုင်နေပါသည်။
ရန်ကုန်ကနေ   လေးနာရီ ကြာ   ကားမောင်းသွားရသော အကွာအဝေးရှိ ငွေဆောင်ကမ်း ခြေမှာ နိုင်ငံတကာရွက်လှေကစား သည့်နေရာပြုလုပ်ရန် ကူညီနေ ခြင်းဖြစ်သည်။ အမေရိကန်ဒေါ် လာ ၁၇ သန်းခန့်ကုန်ကျမည့် ငွေ ဆောင်ရွက်လှေကလပ်မှာ ရွက် လှေရုံနှင့် အပန်းဖြေရိပ်သာတို့ ပါပါသည်။ မနှစ်ကဖွင့်လှစ်ခဲ့ သည်။ ကိုးမိုင်ကျော်ရှိသည့် ငွေ ဆောင်သဲသောင်၏ အစွန်းဘက် မှာ သူ့မိသားစု၏ ငွေကြေးဖြင့် အားလုံးကိုတည်ဆောက်ထား ခြင်းဖြစ်ပါသည်။
ပင်လယ်ဘက်ကို မေးတင် ထားသည့် အဆိုပါရေကူးကန်နှင့် ညကလပ်သည် ဒေသခံအများစု က သစ်သားအိမ်များဖြင့်နေကြ ပြီး တစ်နေ့ကို နာရီအနည်းငယ် သာ လျှပ်စစ်မီးရနေသေးသည့် နေရာမှာ တည်ရှိသည်။
‘‘ငွေကြေးက အကြောင်း မဟုတ်ပါဘူး။ ဒါကရွက်လှေ အားကစားအတွက်လုပ်တာပါ။ ကျွန်တော်တို့ငွေနဲ့ ဒီနေရာမှာ ဒီ အားကစားရှင်သန်နိုင်ရမယ်’’ဟု ချောမွေ့သောအမေရိကန် အင်္ဂ လိပ်စကားလေယူလေသိမ်းဖြင့် သူက ပြောပါသည်။
လာမည့် ဆယ်စုနှစ်များမှာ သူက ရွက်လှေကလပ်ကို မြန်မာ နှင့် အခြားနိုင်ငံများမှ ရွက်လှေဝါ သနာရှင်များ လှေတွေလာကပ် နိုင်သည့် အဓိကကမ်းခြေရွက် လှေစခန်းကြီးအဖြစ် တိုးချဲ့ချင် သည်ဟု ဆိုသည်။
ပြုပြင်ပြောင်းလဲမှုတွေ ကြောင့် ချမ်းသာသူတွေ အများ ကြီးပေါ်ထွက်လာပြီဟု သူက ဆို သည်။ သို့သော် ရှက်စရာကောင်း တာက ချမ်းသာသည့် မြန်မာနည်း နည်းလောက်ကပဲ သူတို့၏ စိတ် ဝါသနာပါရာအတွက် ငွေဖြုန်း ချင်ကြောင်းသူက ပြောပါသည်။ အများစုကမူ ညကလပ်တွေသာ သွားချင်ကြသည်။ အနုပညာနှင့် ပြည်သူအပန်းဖြေစခန်းများ၊ လူမှု ရေးလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှု များမလုပ်ချင်ကြပါ။
ရန်ကုန်မှာနေထိုင်သည်မှာ အနှစ် ၂၀ လောက်ရှိနေပြီဖြစ် သော ပြင်သစ်လူမျိုး ဗိသုကာ ပညာရှင်ပက်ထရစ်ရောဘတ်က ပြည်တွင်းက သူဌေးတွေပိုက်ဆံ ဖြုန်းပုံကို မြင်ရသည့်အတွက် စိတ်တိုရသည်ဟု ဆိုပါသည်။ ရောဘတ်က ရန်ကုန်က ဟိုတယ် အိမ်များအတွက် အိမ်ဒီဇိုင်းတွေ ကိုဆွဲပေးသည်။ ကိုလိုနီလက်ရာ အိမ်များကိုလည်း နဂိုပုံစံမပျက် အောင် ပြန်လည်ထိန်းသိမ်းရာ တွင်လည်း ကူညီပေးသည်။ သူ့ ဖောက်သည်အများစုမှာ ရန်ကုန် ကို အခြေချလာသည့် အနောက် တိုင်းစီးပွားရေးသမားများဖြစ်ပြီး မြန်မာပြည်တွင်းက သူဌေးများ မဟုတ်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလက ရော ဘတ်က မြန်မာသူဌေးတစ်ဦးနှင့် သူ့ဇနီး ကလေးနှစ်ဦးတို့အတွက် ဥရောပခရီးစဉ်ကို ကူညီစီစဉ်ပေး ခဲ့သည်ဟု ဆိုသည်။ ထိုသူဌေးက မကြာသေးမီ ဥရောပ၏ ပိတ်ဆို့ မှုစာရင်းက ကင်းလွတ်ခဲ့သော် လည်း အမေရိကန်၏ ပိတ်ဆို့မှု တွင်ရှိနေသေးသည်ဆိုသည်။ သူ ၏ ပထမဆုံးဥရောပခရီးစဉ်ဖြစ် သည့် ဥရောပက အကောင်းဆုံး မှန်သမျှကို ရောဘတ်က ဆက် သွယ်ကူညီပေးစေချင်သည်။
ရောဘတ်က ပြင်သစ်က ကမ္ဘာကျော် လူဗ်ပြတိုက်ကိုကမ္ဘာ လှည့်များကင်းရှင်းသည့် နံနက် ပိုင်းမှာ သီးသန့်ကြည့်ရှုခွင့်ရရန် စီစဉ်ပေးသည်။ ထိုသူဌေးစိတ်ဝင် စားဟန်မပြ။
‘‘လန်ဒန်၊ ရောမနဲ့ ပဲရစ်မှာ တစ်ပတ်စီနေတာကို အားလုံးကို ဝယ်ဝယ်ဆိုတာချည်းပဲ။ ဒါက ရှန် နယ်လ်ဆိုလည်းဝယ်၊ ဒါက Louis Vuitton အိတ်ဆိုလည်းဝယ်ပဲ’’
ထိုမြန်မာသူဌေးက ရော ဘတ်ကို သူ့ဇနီးအတွက် Herme's Birkin အိတ်ကို တစ်ရက်တည်းနှင့် ရအောင်ဝယ်ပေးသည့်အတွက် ကျေးဇူးအတင်ဆုံးဟုဆိုသည်။ သူတို့က သည်လောက်နှစ်တွေ ကြာအောင်စောင့်ပြီးမှ သွားခွင့်ရ သည့် ဥရောပခရီးစဉ်မှာ ထိုကဲ့သို့ အသုံးအဆောင်ပစ္စည်းများကို သာ ဒေါ်လာရှစ်သောင်းဖိုး (ကျပ် သိန်း ၇၈၀ ခန့်တန်ဖိုး)အထိ ဝယ် ယူခဲ့သည်။
‘‘အဲဒီလို သူဌေးအမျိုးအစား တွေပေါ့။ ကျွန်တော့်ကို ဒုက္ခတွေ အတော်ပေးနေတာ’’
ရန်ကုန်မြို့လယ်က ပန်းစီမံ ကိန်းရုံးက အညိုရောင်သားရေဆုံ လည်ထိုင်ခုံကြီးကို အိုင်ဗင်ပန်းက ကျောမှီချလိုက်ပါသည်။ ဇိမ်ခံ လက်လီပစ္စည်းဈေးကွက်စီမံ ကိန်းဟုသူခေါ်သည့် အဆိုပါလုပ် ငန်းကို Transit Shed 1 ဆိပ် ကမ်းဂိုဒေါင်ပေါ်မှာလုပ်ရန် သူက တည်ထောင်ထားသည်။
သူ့ရုံးခန်းရှိရာ ၁၁ ထပ်ရှိ အက်ဖ်အမ်အိုင်စင်တာကနေ ကြည့်လျှင် ရန်ကုန်မြို့လယ်က လမ်းတွေကို အပေါ်စီးက မြင်ရ သည်။ မိုးရေအောက်မှာ ဆူးလေ စေတီက ရွှေရောင်တောက်ပနေ သည်။ မိုက်ကယ်မိုးမြင့်တို့မိသား စုတို့ကဲ့သို့ ဆာခ်ျပန်း (ဦးသိမ်းဝေ) တို့မိသားစုက အနောက်နိုင်ငံများ ၏ ပိတ်ဆို့မှုစာရင်းမှာ မပါဝင်ပါ။
သည်တနင်္လာနေ့မှာ TS1 ဂိုဒေါင်က အစည်းအဝေးမှာ သူ ကဦးဆောင်ပြီး အရောင်းပြပွဲများ နှင့် ဆိပ်ကမ်းအာဏာပိုင်ဟု အမည်ပေးထားမည့် စားသောက် ဆိုင်အပါအဝင် သူတို့လုပ်မည့် စီမံကိန်းများကို ဆွေးနွေးခဲ့သည်။ မကြာမီဖွင့်လှစ်တော့မည့် အဆို ပါလုပ်ငန်းများမှာ လျှပ်စစ်မီး ဘယ်လိုသွယ်ယူရမလဲဆိုတာ လည်း ပြဿနာဖြစ်သည်။
အခုရက်တွေမှာ အလုပ် အတော်များနေသည်ဟု ပန်းက ပြောပါသည်။ သူကဟောင် ကောင်၊ တိုကျို၊ နယူးယောက်နှင့် ကမ္ဘာ့ဖလားကြည့်ရန် ဘရာဇီးကို သုံးပတ်ခန့်ခရီးထွက်ဖို့ရှိနေသည့် အတွက်ဖြစ်သည်။ အမေရိက တွင် လာမည့်နွေရာသီမှာ သူ၏ မြန်မာတံဆိပ်ထုတ်ကုန်တွေကို ရောင်းချမည့်ဆိုင်ကိုလည်း လေ့ လာအကဲခတ်မည်ဟု သူက ပြော ပါသည်။
သူက အသက် (၁၈)နှစ် အထိ အင်္ဂလန်နိုင်ငံမှာ ကြီးပြင်း ခဲ့သည်။ အောက်စဖို့ဒ်၌ ဖက်ရှင် နှင့် ဂီတကိုသင်ယူခဲ့ပြီး နယူး ယောက်ရှိ Vogue နှင့် အခြားဖက် ရှင်မဂ္ဂဇင်းတွေမှာ အလုပ်တွေ လုပ်ခဲ့သည်။
မိခင်မြန်မာနိုင်ငံကိုတော့ ၂၀၁၁ ခုနှစ်မှာ ပြန်လာခဲ့ပြီး သူ့ အဖေ၏ စီးပွားရေးလုပ်ငန်းမှာ ဝင်လုပ်ကိုင်ခဲ့သည်။ ယမန်နှစ်က Great Gatsby ‘ရုပ်ရှင်ကားသီး သန့်ပြသပွဲ’ကို ရန်ကုန်တွင် သူက ဧည့်ခံပြုလုပ်ခဲ့ရာ သူ့သူငယ်ချင်း ဖြစ်သူ အဆိုပါရုပ်ရှင်ဒါရိုက်တာ  ဘတ်စ်လူယာမန်က တက်ရောက် ခဲ့သည်။ နောက်တစ်ခါကျရင် သူ က Grand Budapest Hotel ရုပ်ရှင်ကားကို သီးသန့်ပွဲလုပ်ပြီး ဝက်စ်အက်ဒါဆင်ကိုဖိတ်ဖို့ စိတ် ကူးထားသည်ဟု ဆိုပါသည်။
တစ်နေ့တာ ကုန်ဆုံးချိန်မှာ တော့ ပန်းက သူ၏အဖြူရောင်မင် နီဗန်ကားကိုစီးကာ TS1 ဆိပ် ကမ်းဂိုဒေါင်သို့သွားပါသည်။ ကားနောက်ခုံမှာထိုင်းရင်း သူက ဖုန်းဖြင့် အီးမေးလ်များကို စာပြန် သည်။ သူ၏ ကားမှာ ကိုယ်ပိုင် ဝိုင်ဖိုင်အင်တာနက်စနစ်ပါပါ သည်။
TS1 ဆိပ်ကမ်းဂိုဒေါင်သို့ ရောက်သည့်အခါ သူက အသစ် ဝင်လာသည့် ပရိဘောဂများအပါ အဝင် အရောင်းပစ္စည်းများကို စစ်ဆေးသည်။ ထို့နောက် သူက ဒေါ်လာ ၃,၆၀၀ တန်ခုံတန်းရှည် တစ်ခုပေါ်မှာ ထိုင်ချလိုက်ပြီး သစ်သားလက်တန်းပေါ်က အလှ ဆင်ဒေါင်းမွေးတစ်ခု၏ ဈေးနှုန်း ကိုကိုင်ပြီး ကြည့်လိုက်သည်။ တန်ဖိုး ၆၅ ဒေါ်လာဖြစ်၏။
သူ့အနေဖြင့် ရန်ကုန်တစ်ခု တည်းအတွက်သာမဟုတ်ဘဲ ခေတ်မီသော၊ မိုက်သောအရာဟူ သမျှကို သည်ကနေ ရန်ကုန်ကိုယူ လာမည့် ပတ်ဝန်းကျင်သစ်တစ်ခု ကို ကူညီဖန်တီးနိုင်မည်ဟု မျှော် လင့်ထားကြောင်း သူက ပြောပါ သည်။ ‘‘မြန်မာမှာ ဒါတွေကို စတွေးပြီး လုပ်ကိုင်ဖို့သိပ်မစော လွန်းတော့ပါဘူး’’ဟု ပန်းက ကုလားထိုင်ပေါ် ကိုယ်ကိုမှီချရင်း ပြောလိုက်သည်။
‘‘ဝင်ငွေတွေတိုးလာပြီ၊ သူဌေးတွေလည်းများလာပြီ။ ဘယ်လောက်ကြာအောင် အချိန် ယူရမလဲဆိုတာကိုတော့ မသိ ဘူး။ ဒါပေမဲ့ ဖြစ်လာတော့မှာပါ’’
(ဝေါစထရိဂျာနယ်ပါဆောင်းပါး ရှင် Shibani Mahtani ၏ Meet The New Rich in Myanmar ဆောင်းပါးဒုတိယပိုင်းကို ထား ထားမြင့် ဘာသာပြန်ဆိုသည်။) 7day Daily

ချင်းတောင်တန်းပေါ်မှ လျစ်လျူရှုခံ ဘဝများ

ထင်းရှူးသားများဖြင့် အရှိန်ညီးညီး တောက်နေသော မီးဖိုပေါ်တွင် ရေထည့်၍ တည်ထားသော အိုးမှာ ဆူပွက်နေသည်။ မီးဖိုနံဘေး ဝန်းကျင်တွင် ပြောင်းဖူးတွဲများကို စီရရီ တွဲချိတ်ထားသည်။ ချင်းအမျိုးသမီး နူးကိမ်သည် မီးဖိုနံဘေးရှိ သစ်သားထိုင်ခုံပေါ်တွင် ထိုင်ရင်း ပြောင်းဖူးစေ့များကို တောင်းငယ်တစ်ခုအတွင်း ခြွေယူနေပြီး သူတို့ မိသားစုအတွက် ယနေ့ နံနက်စာအဖြစ် ပြောင်းဖူးချက်ပြုတ်ရန် ပြင်ဆင်နေသည်။
“ဆန်စားဖို့ မရှိလို့ ပြောင်းဖူးကိုပဲ အားထားပြီး စားနေရတယ်” ဟု တီးတိန်မြို့နယ်၊ ဘုတ်ဖီရ်ရွာသား ဦးထွန်းတွောင်က နူးကိမ်၏ ပြောင်းချက်ရန် ပြင်ဆင်နေပုံကို ငေးကြည့်ရင်း ရှင်းပြသည်။
၂၀၁၄ ခုနှစ်၏ နွေရာသီ ကာလအတွင်း ချင်းပြည်နယ် မြောက်ပိုင်းရှိ တီးတိန်၊ တွန်းဇံ၊ ကျီခါး စသော မြို့နယ်များအတွင်း ကျွဲများအစုလိုက် အပြုံလိုက် သေဆုံးခဲ့ပြီး လယ်ယာလုပ်ငန်းခွင်များ ထိခိုက်ခဲ့ရသည်။ ကျွဲ၊ နွားနှင့် မြင်း အကောင်ရေ ၅၀၀ မှ ၁၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ကျွဲအများဆုံး သေဆုံးခဲ့သော်လည်း မည်သည့်ရောဂါကြောင့် ဟူသည်ကို တိတိကျကျ အဖြေမထွက်ခဲ့ပေ။
သို့သော် ကျွဲ၊ နွား၊ မြင်းတို့၏ သေဆုံးမှုက ချင်းပြည်နယ်မှ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းမှု ဘဝကို များစွာ ထိခိုက်နေပြီး ကျွဲ၊ နွားများ မရှိတော့သည့်အတွက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် အဆင်မပြေတော့။

အကျိုးရလဒ်ကား စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာကို ဘူးလေးရာ ဖရုံဆင့် ဖြစ်စေချေပြီ။ နဂိုကတည်းက ချင်းတောင်တန်းဒေသ ဖြစ်သည့်အတွက် စိုက်ပျိုးရေး ခက်ခက်ခဲခဲ လုပ်ဆောင်နေကြရာမှ ကျွဲ၊ နွားများ သေဆုံးမှုကြောင့် ခက်ခဲသော လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို ရပ်ဆိုင်းသည်အထိ ဖြစ်စေကာ ဒေသခံများအတွက် အငတ်ဘေးဆိုက် ရောက်သည်အထိ အရှိန်ပြင်းစွာ ရိုက်ခတ်လာသည်။ အဖြေမထွက်သော ကျွဲနွားများ သေဆုံးမှုသည် ဒေသခံများကို အငတ်ဘေးသို့ တွန်းပို့လိုက်သည် ဆိုလျှင်လည်း မမှားနိုင်ပေ။

တွန်းဇံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဆန်းမြင့်အောင်က ရာသီအကူးအပြောင်းတွင် အစာရှားပါးမှု၊ အပူချိန်မြင့်မားမှုတို့ကြောင့် ကျွဲနွားများ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်းများ၊ ပညာပေး ဟောပြောခြင်းများ ပြုလုပ်ပေးကြောင်း ပြောဆိုသည်။
ယင်းကဲ့သို့ ကျွဲများ သေဆုံးမှုမှာ တွန်းဇံမြို့နယ်အတွင်းမှ စတင်ခဲ့ပြီး ငါးဆေးခတ်ထားသော ချောင်းရေကို ကျွဲများ သောက်သုံးရာမှ ဖြစ်ပေါ်လာခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။
“ကျန်းမာရေးဌာနက လူတွေကလည်း ဘာရောဂါမှန်း မသိဘူးလို့ ပြောကြတယ်။ သေချာတာတစ်ခုက အရင်တုန်းက ဒီဒေသမှာ ဒီလိုမျိုး တိရစ္ဆာန် သေဆုံးတာ မဖြစ်ခဲ့ဖူးဘူး။ ဒီလိုဖြစ်တာက ကျွဲတွေ ဒိုင်းခနဲ သေကုန်တာ။ များလည်းများ၊ မြန်လည်းမြန်တယ်။ ကြောက်စရာကြီး” ဟု တီးတိန်မြို့နယ် ဘုတ်ဖီရ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်လမ့်တွောင်က ဆိုသည်။

ဘုတ်ဖီရ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အဆိုးဝါးဆုံး ဖြစ်ခဲ့ပြီး အုပ်စုတွင်း ရွာလေးရွာမှာ လယ်ယာမြေ သုံးပုံတစ်ပုံခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အချို့ စိုက်ပျိုးပြီး လယ်မြေများမှာလည်း ရေမရရှိသဖြင့် ပျက်စီးသွားကြောင်း ဒေသခံများက ပြောကြားသည်။
“ကျွန်တော့်တစ်သက် ဒါကောဆို နှစ်ကြိမ် ရှိပြီပေါ့။ ပထမ ၁၉၉၃ လောက်တုန်းက တစ်ကြိမ် ဒီလိုမျိုး ဖြစ်ဖူးတယ်။ ဒါပေမဲ့ အသေအပျောက်က နည်းပြီး နှေးတယ်။ သိပ်ပြီး ထိခိုက်မှု မရှိခဲ့ဘူး။ ဒီတစ်ခေါက်ကတော့ တော်တော်လေးကို ဆိုးဝါးပါတယ်” ဟု ဘုတ်ဖီရ်ကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဒေသခံ ဦးရှန်ပေါင်က ပြောဆိုသည်။

ချင်းပြည်နယ်မြောက်ပိုင်း ဒေသ ဖလမ်းခရိုင်အတွင်းရှိ တီးတိန်၊ တွန်းဇံနှင့် ကျီခါးမြို့နယ်ခွဲတို့အတွင်း ကျေးရွာများတွင် ယင်းကဲ့သို့ ရင်ဆိုင်နေရခြင်း ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ဖွံ့ဖြိုးမှုမှာလည်း အားနည်းကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ပြီး ကျွဲများ သေဆုံးခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် အခက်အခဲများစွာ ဖြစ်ပေါ်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။
“တချို့ဆို ရှိသမျှ ခုနစ်ကောင်၊ ကိုးကောင်စလုံးကို သေသွားကြတယ်။ လယ်မစိုက်နိုင်ကြတော့ဘူး။ တောင်ယာစပါးကိုပဲ အားကိုးကြရတော့မယ်” ဟု ဖာတလန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလန့်ခန့်ကပ်က ပြောဆိုသည်။

တွန်းဇံမြို့နယ်အတွင်း ယခုကဲ့သို့ ကျွဲများ အစုလိုက် အပြုံလိုက် သေဆုံးမှုကြောင့် စိုက်ပျိုးရေး အခက်အခဲ ဖြစ်စေနိုင်သဖြင့် နွေရာသီ ကာလကတည်းကပင် အစိုးရထံ ကူညီပေးရန် တင်ပြခဲ့သော်လည်း ယခုအချိန်ထိ ကူညီမှုများ မရှိသေးကြောင်း တွန်းဇံမြို့နယ်၊ ဒါရ်ခိုင် ရွာသစ်အုပ်ချုပ်ရေးမှူး ဦးဂင့်တုန်းထန်က ပြောဆိုသည်။

တီးတိန်မြို့နယ်အတွင်း ဘုတ်ဖီရ်၊ ဖာတလန်ရွာသစ်၊ ဖာတလန်ရွာဟောင်း၊ ငင်သဲ၊ တွန်းဇံမြို့နယ်အတွင်း ဒါရ်ခိုင်း ရွာသစ်၊ ဒါရ်ခိုင်းရွာဟောင်း၊ တာလ်အဲ၊ တွီးတန်၊ ဇမ်းပီး၊ ဆိုင်ပီးမွာလ်၊ လွိုင်အဲလ်၊ တွီးမံ၊ ဖိုင်ဘီ၊ မောင်ဘွန်နှင့် ကျီခါးမြို့ပေါ် စသော ဒေသများတွင် ကျွဲနှင့် နွားများ သေဆုံးနေခြင်း ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ခံနေကြောင်း၊ လာမည့် ပွင့်လင်းရာသီ ကာလတွင် ယင်းဒေသများအတွက် ထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန်က ပြောကြားသည်။
“သူတို့ တကယ်အခက်အခဲ ဖြစ်မယ့် အချိန်ကလည်း ပွင့်လင်းရာသီ အောက်တိုဘာလလောက်မှ ဖြစ်မှာလေ။ လောလောဆယ်တော့ စာရင်းပြုစုနေတုန်းပဲ ရှိသေးတယ်” ဟု ဝန်ကြီးက ဆိုသည်။

ယင်းကဲ့သို့ လယ်ယာလုပ်ငန်းသုံး ကျွဲများ သေဆုံးခဲ့သည့်အတွက် စပါး မစိုက်ပျိုးနိုင်ခဲ့သည့် နည်းတူ အချို့ စိုက်ပျိုးထားသော လယ်များမှာလည်း မိုးခေါင်မှုကြောင့် ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။
“လယ်ထွန်စက်ကို ဝယ်နိုင်တဲ့ သူက ဝယ်တယ်၊ မဝယ်နိုင်တဲ့သူက တစ် နာရီကို အိန္ဒိယရူပီး ၁၀၀၀ (ကျပ်တစ်သောင်းခွဲခန့်) ပေးပြီး အိန္ဒိယဘက်က ငှားကြရတယ်။ ဒါကလည်း အနည်းစုပဲ တတ်နိုင်ကြတယ်။ အခုတော့ စိုက်ထားပြီးသား စပါးတွေတောင် မိုးမရွာတဲ့အတွက် ရှင်ဖို့ မသေချာတော့ဘူး” ဟု ဘုတ်ဖီရ် ကျေးရွာဒေသခံ ဦးထွန်းသွောင်က ပြောကြားသည်။

လယ်ယာစိုက်ပျိုးချိန်အထိ အစိုးရထံမှလည်း အကူအညီမရ၊ ကိုယ်တိုင်လည်း ထွန်စက် မဝယ်နိုင်သဖြင့် လယ်ယာလုပ်ငန်း ဝင်မည့် ကျေးရွာဒေသခံတို့မှာ ဒုက္ခရောက်ကြရကြောင်း ၎င်းတို့က ဆိုသည်။
“ကျွဲကို ရောင်းတဲ့သူ ရှိရင်တောင် ဘယ်သူမှ မဝယ်ရဲတော့ဘူး။ ဆက်ပြီး သေမှာစိုးလို့၊ ကျွန်တော်တို့ အခုလိုနေတာက လယ်စိုက်ပျိုးဖို့ ထွန်စက်တစ်လုံးပဲ” ဟု ဒါရ်ခိုင်းကျေးရွာခံ တစ်ဦးက ဆိုသည်။
ကျွဲနွား သေဆုံးခြင်း၊ ရာသီဥတု မမှန်ခြင်းတို့ကြောင့် ချင်းပြည်နယ် နေရာတချို့တွင် စိုက်ပျိုး၍ မရနိုင်သဖြင့် စားဝတ်နေရေးအတွက် အခက်အခဲ သေချာပေါက် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

“ခါတိုင်းနှစ်တွေမှာလည်း ဒီလိုပဲ၊ လယ်ကရတာ၊ တောင်ယာက ရတာလေးနဲ့ လှည့်ပတ် စားသောက်နေရတာ။ ဒီကြားထဲ (အိန္ဒိယနိုင်ငံဘက်က) ကျန်ဖိုင်း မှာသွားပြီး အလုပ်လုပ်လို့ရတဲ့ လုပ်အားခကို ဆန်ဝယ်ရတာတွေ ရှိသေးတယ်။ ဒီနှစ်တော့ ပိုခက်သွားပြီပေါ့ဗျာ” ဟု ကျွဲ ငါးကောင်နှင့် မြင်းနှစ်ကောင် ဆုံးရှုံးခဲ့ရသူ ဘုတ်ဖီရ်ရွာသား ဦးခွာလ်ရှန်းလာလ်က ရင်ဖွင့်သည်။
ဇိုမီးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ZDF) ဥက္ကဋ္ဌ ဦးပေါပေါင်က ချင်းပြည်နယ်အစိုးရ အနေနှင့် ဒေသခံများ၏ အခက်အခဲကို ကူညီပေးမှုသည် အားနည်းပြီး ချင်းပြည်သူများ ဘဝကို အစိုးရက သေသေချာချာ ဂရုတစိုက် ကူညီပေးသင့်ကြောင်း ပြောဆိုဝေဖန်သည်။
“ကျွန်တော်တို့ကိုယ်တိုင် ရွာတွေထိ ဆင်းပြီး လေ့လာကြည့်ပါတယ်။ တကယ်ခက်ခဲနေတာ ဖြစ်တော့ အကူအညီတွေ ရဖို့ လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆိုသည်။

ချင်းပြည်နယ်အတွင်းရှိ စားနပ်ရိက္ခာ ခက်ခဲသော ဒေသများသို့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း (Nippon Foundation) အကူအညီဖြင့် ချင်းအမျိုးသားတပ်ဦး (CNF) က ဟားခါးမြို့နယ်အတွက် ကျပ်သိန်း ၂၀၀၊ ဖလမ်းမြို့နယ်အတွက် ကျပ်သိန်း ၂၀၀၊ ထန်တလန်မြို့နယ်အတွက် ကျပ်သိန်း ၃၀၀၊ တီးတိန်မြို့နယ်အတွက် ကျပ်သိန်း ၂၀၀၊ တွန်းဇံမြို့နယ်အတွက် ကျပ် ၇၅ သိန်း၊ ကန်ပက်လက် မြို့နယ်အတွက် ကျပ် ၇၅ သိန်း၊ မင်းတပ်မြို့နယ်အတွက် ကျပ်သိန်း ၂၀၀၊ ပလက်ဝ မြို့နယ်အတွက် ကျပ်သိန်း ၃၀၀၊ မတူပီ မြို့နယ်အတွက် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ဆန်အိတ်များကို စက်တင်ဘာလအတွင်း လှူဒါန်းနိုင်ရန် စီစဉ်နေကြောင်း ထန်တလန်မြို့၊ ချင်းအမျိုးသားတပ်ဦး ဆက်ဆံရေးရုံးမှ ဆလိုင်းဗျက်ပုမ်က ပြောကြားသည်။

နီပွန်ဖောင်ဒေးရှင်းသည် ၂၀၁၃ ခုနှစ်တွင် ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊ မတူပီ၊ ပလက်ဝ၊ ထန်တလန်စသော မြို့နယ်များအတွက် ဆန်အိတ်များ လှူဒါန်း ခဲ့ပြီး ယခုနှစ် ဆန်အိတ် လှူဒါန်းရန်အတွက် ချင်းပြည်နယ်အစိုးရနှင့် ထန်တလန် အခြေစိုက် ချင်းအမျိုးသားတပ်ဦး ဆက်ဆံရေးရုံးတို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ရာတွင် လှူဒါန်းမှုများ အကောင်အထည် မဖော်နိုင်သေးသည့် လက်ရှိ အခြေအနေတွင် ဒေသခံများမှာ စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာများ ရင်ဆိုင်နေကြရနေပြီး ရိက္ခာထောက်ပံ့မှုများ အရေးပေါ် ပေးပို့လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဒေသခံများက ဆိုကြသည်။
“မနှစ်ကရတဲ့ လက်ကျန်စပါးကိုပဲ မနည်းချွေတာပြီး စားနေကြရတယ်” ဟု ဦးထွန်းတွောင်က ပြောကြားသည်။

ဒေသခံများမှာ စားနပ်ရိက္ခာ ရှားပါးနေသည်ဟု ပြောဆိုကြသော်လည်း သက်ဆိုင်ရာ မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများကမူ တွန်းဇံနှင့် ကျီခါးဒေသများတွင် စားနပ်ရိက္ခာ ရှားပါးဆိုသော သတင်းများကို မသိရှိဟု တုံ့ပြန်ပြောဆိုသည်။
ကျွဲ၊ နွား၊ မြင်းစသော ချင်းတောင်တွင် မရှိမဖြစ်သုံး တိရစ္ဆာန်များ သေဆုံးမှုနှင့် ပတ်သက်ပြီး မည်သည့်ဌာနကမျှ လာရောက် တွေ့ဆုံမေးမြန်းခြင်း မရှိဘဲ မိမိတို့ကိုယ်တိုင် ကိုယ်ထူကိုယ်ထ ရုန်းကန်နေကြရသည်ဟု ဒေသခံတို့က ပြောဆိုကြသည်။
“အခုချိန်ထိတော့ ဘယ်အကူအညီမှ ရောက်မလာကြသေးပါဘူး” ဟု ဘုတ်ဖီရ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးနန်လန့်တွောင်က စိုက်ပျိုး၍ မဖြစ်တော့သော လယ်ကွက်များကို ငေးကြည့်ရင်း ပြောဆိုသည်။
ချင်းအမျိုးသမီး နူးကိမ်က ခြွေပြီးသော ပြောင်းဆန်များကို ဆူပွက်နေသော မီးဖိုပေါ်မှ အိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် အိုးအဖုံးကို ဖုံးအုပ်လိုက်ပြီး ယင်းပြောင်းဆန်ပြုတ်ဖြင့် တွဲဖက်စားသုံးမည့် ငရုတ်သီးထောင်းအတွက် ပြင်ဆင်နေတော့သည်။
မြတ် (ကလေး) thevoice

ချင်းတောင်ဒေသတွင် အောက်ချင်းငှက်များ ရှားပါး ပျောက်ကွယ်လု

ချင်းတောင်ဒေသတွင် အောက်ချင်းငှက်များ ရှားပါး ပျောက်ကွယ်လု နီးပါးဖြစ်နေ

ချင်းတိုင်းရင်းသားတို့၏ သစ္စာတရားကို အဓိပ္ပာယ် ဖော်ကျူးပြီး ချင်းပြည်နယ် တစ်ခုလုံး၏ အမှတ်တံဆိပ် အဖြစ် တန်ဖိုးထားသည့် အောက်ချင်းငှက်များကို


ယခင်က ချင်းတောင်ပေါ်တွင် နေရာ ဒေသတိုင်း၌ အလွယ်တကူတွေ့မြင်နိုင်သော်လည်း ယခုအခါ ဒေသတွင်း ငှက်မုဆိုးတို့၏ မဆင်မခြင် သတ်ဖြတ်ဖမ်းဆီး ရောင်းဝယ်မှုကြောင့် လည်းကောင်း၊ ချင်းပြည်နယ်အတွင်း သစ်တောများ ပြုန်းတီးလာမှုကြောင့် လည်းကောင်း၊ ဒေသအလိုက် သဘာဝ တောကောင်၊ သားကောင်များနှင့် သဘာဝ သစ်တောများ ထိန်းသိမ်းမှု အားနည်းသည့် အတွက်ကြောင့် လည်းကောင်း၊ ချင်းတောင်ပေါ်တွင် အောက်ချင်းငှက်နှင့် ငှက်မျိုးစိတ် အများအပြား လျော့ နည်း ပျောက် ကွယ်လာကြောင်း သိရသည်။

''ကျွန်တော်တို့ ရွာဘက်မှာ ဆိုရင် လွန်ခဲ့တဲ့ အနှစ်၂ဝ ကျော်ကာလတုန်းက အောက်ချင်းငှက်တွေလည်း ပေါတယ်။ ကျားသစ်ပေါက်တွေ၊ တောကြောင်တွေ၊ မျောက်လေပွေတွေ၊ မျောက်လွှဲကျော်တွေ အစုံရှိတယ်။ အခုတော့ ပြောင်းရွှေ့ တောင် ယာတွေကြောင့် သစ်တောတွေ ပြုန်းတီးလာသည့် အပြင် ဒေသ အလိုက် သေနတ်ကိုင် တောလိုက် မုဆိုးတွေကြောင့် တောကောင်၊ သားကောင်တွေ မရှိသလောက် ရှားပါးလာနေပါပြီ''ဟု ဖလမ်းဒေသခံ တစ်ဦးက ပြောသည်။

ချင်းပြည်နယ်၏ အမှတ်တံဆိပ် အောက်ချင်းငှက်များကို ယခင်နှစ်များ အတွင်းက ချင်းတောင်နှင့်ကလေးဒေသ သစ်တော၊ ဝါးတောများတွင် အနည်းအကျဉ်းတွေ့မြင်ရသေးသော်လည်း ယခုအခါပျောက်ကွယ်လု နီးပါးဖြစ်နေပြီး အချိန်မီ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်လျက် ရှိသည်။

ချင်းတောင်ဒေသတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော တောကောင်၊ သားကောင်များမှာ ဒေါင်းငှက် ၊အောက်ချင်းငှက်၊ မျောက်လွှဲကျော်၊ မျောက်လေပွေတို့ ဖြစ်ကြောင်း ကလေးဒေသ အစိမ်းရောင်လွင်ပြင် အဖွဲ့မှ ဦးဝင်း၏ ပြောကြားချက် အရ သိရသည်။