Showing posts with label BV Article Culture. Show all posts
Showing posts with label BV Article Culture. Show all posts

ရိုးသားခြင်းနဲ့ ချင်းတို့ပြည်

“ ရိုးသားခြင်းနဲ့ ချင်းတို့ပြည် . . . ”
-----------------------------------------
ဦးဟန်ကြည်တို့ ပါမိုင်းကိုရောက်ပြီး ဘာအလုပ်မှ မစနိုင်သေးတဲ့အချိန်၊ ရွာသူရွာသားတွေကလည်း မရမ်နယ်တစ်နယ်လုံးမှာ ကားလမ်းစပေါက်တဲ့ သူရို့ရွာရဲ့ ကားလမ်းဖွင့်ပွဲအတွက် အင်တိုက်အားတိုက် လုံးပမ်းနေကြချိန်၊ ယဉ်ကျေးမှုခြင်း ရေချိန်ညှိမရသေးတဲ့ အနှီသုံးလေးရက်အတွင်းမှာ လင်မယားနှစ်ယောက်စလုံး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် အတော်လေးကို ယောင်ချာချာဖြစ်ခဲ့ရပါရဲ့။
ကုသရေးကလည်း အရှိန်မရ၊ သင်ကြားရေးကလည်း လုပ်ငန်းမစနိုင်သေးတဲ့ အနှီအချိန်အတွင်းက တစ်ညနေခင်းမှာ နှစ်ယောက်သား စိတ်လေလေနဲ့ ရွာစွန်က လမ်းကလေးအတိုင်း ရောက်ရာပေါက်ရာ လျှောက်သွားဖြစ်ပါလေရော။ ရွာအတွက် ဖွံ့ဖြိုးရေးတွေ ဘယ်ကစလို့ ဘယ်လိုလုပ်ပေးရမယ်ဆိုတာကို ကြက်ဥအစရှာသလို တိုင်ပင်ကြရင်း စကားတပြောပြောနဲ့ လျှောက်နေတဲ့ ဦးဟန်ကြည်တို့ရှေ့မှာတော့ ရွာခံကလေး ဘုစုခရုတသိုက်က လေးခွတစ်ယောက်တစ်လက်စီနဲ့ လက်တည့်စမ်းနေကြတာ ဖြိုးခနဲဖြောင်းခနဲ။
ကလေးတွေရဲ့ လေးခွလေးငါးလက်က ထွက်လာတဲ့ လောက်စာလုံးတွေ ကိုယ့်ခေါင်းပေါ်ကျလာမှာစိုးလို့ အပေါ်ကိုမော့ကြည့်မော့ကြည့်လုပ်ရင်း လျှောက်လာတဲ့ ဦးဟန်ကြည်ရဲ့ မျက်လုံးအစုံက လမ်းဘေးဘယ်ညာကို ပြန်ကြည့်လိုက်မိတဲ့အခါမှာ အမြင်အာရုံထဲကို တန်းခနဲဝင်လာတာက တောလမ်းကလေးဘေးမှာ တုတ်နဲ့ထိုးပြီး စိုက်ထားတဲ့ တစ်ထောင်တန် အခေါက်ကလေးတစ်ခေါက်။
ရွာရောက်တာ သိပ်မကြာသေးတာမို့ ရွာသားတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေအကြောင်းကို ဂဃနဏမသိသေးတဲ့ ဦးဟန်ကြည်ရဲ့ အတွေးထဲမှာတော့ အနှီပိုက်ဆံခေါက်ကလေးက တောစောင့်နတ် တောင်စောင့်နတ်တွေကို ပူဇော်ထားတဲ့ ပိုက်ဆံကလေးလို့ ယူဆမိပေသပေါ့လေ။ သို့ပေမင့် ဦးဟန်ကြည့်စိတ်ထဲမှာ တအံ့တသြဖြစ်သွားတာက ဦးဟန်ကြည်တို့ရှေ့မှာ လေးခွတစ်လက်စီနဲ့ လက်တည့်စမ်းနေကြတဲ့ ကလေးတသိုက်က အနှီလောက် ထင်းထင်းကြီးမြင်သာနေတဲ့ ပိုက်ဆံကို ရှိတယ်လို့တောင် သဘောမထားဘဲ တဟေးဟေးတဟားဟားနဲ့ ရယ်ကြမောကြရင်း ငှက်ပစ်မပျက်တဲ့အချက်။ ပိုက်ဆံကို လက်ဖျားနဲ့တောင် တို့မသွားတဲ့အချက်။
သို့ပေမင့် ဘာမဆို ခပ်ဖော့ဖော့တွေးတတ်တဲ့ ဦးဟန်ကြည်ကတော့ “ သည်ကလေးတွေ နတ်ကိုင်မှာကြောက်လို့ ပိုက်ဆံကို လက်ဖျားနဲ့တောင် မထိကြတာကိုး... ” လို့ ယူဆပြီး လေးခွသမား ကလေးတစ်ယောက်ကိုလှမ်းခေါ်၊ ပိုက်ဆံနားမှာအရပ်ခိုင်း၊ ဓာတ်ပုံတစ်ချက် အသာရိုက်ယူပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ပါလေရော။
ညပိုင်းလူနာကြည့်ချိန်ရောက်လို့ “ နေခယ်ပေါ ” လက်ထဲမှာ အနှီပိုက်ဆံကလေးကို တုတ်ကလေးတန်းလန်းနဲ့ ပြန်မြင်လိုက်ရတော့ စပ်စပ်စုစုနိုင်တဲ့ ဦးဟန်ကြည်က “ ဒါလေးက ဘာလုပ်တာလဲ ” လို့ မေးမိပေသပေါ့လေ။ ဦးဟန်ကြည့်စိတ်ထဲမှာတော့ အနှီပိုက်ဆံကလေးနဲ့ စပ်လျဉ်းပြီး သူရို့မရမ်တွေရဲ့ ရိုးရာယုံကြည်မှုတွေအကြောင်း သိရလိမ့်မယ်လို့ တွေးနေမိသကိုး။ သို့ပေမင့် “ မနက်က ကျွန်တော်တောင်ယာသွားတော့ လမ်းမှာ ပိုက်ဆံတစ်ရွက်ကျနေတာတွေ့လို့ သူ့ပိုင်ရှင်အလွယ်တကူမြင်ရအောင် လမ်းဘေးမှာ ထားပေးခဲ့တာ...အခု ပိုင်ရှင်မတွေ့လို့ ပြန်ယူလာတာလေ... ” ဆိုတဲ့အဖြေကိုရတော့ အထင်နဲ့အမြင် ပါစင်အောင် လွဲနေတဲ့အပြင်၊ ကိုယ်ဘယ်လိုမှ ထင်မထားတဲ့ အဖြေမျိုးဖြစ်နေတော့ ဦးဟန်ကြည်ခမျာ တအံ့တသြတွေကိုဖြစ်လို့။ ကိုယ့်ပစ္စည်းမဟုတ်တဲ့ ပိုက်ဆံကို လက်ဖျားနဲ့တောင် ယောင်လို့တို့မသွားကြတဲ့ လေးခွသမား ကလေးဘုစုခရုလေးတွေကိုလည်း မျက်စိထဲမှာ ပြန်မြင်ယောင်လာပါရောလား...။
“ သည်ပိုက်ဆံကို ဘာလုပ်မတုန်း ” လို့ ဆက်မေးကြည့်လိုက်တော့ “ သည်ည ဘုရားကျောင်းသွားရင် ရွာသားတွေအားလုံးရှေ့မှာ ဘယ်သူ့ပိုက်ဆံလဲလို့မေးမယ်လေ...သူ့ပိုင်ရှင်ဆိုရင် လာယူမှာပေါ့...တကယ်လို့ ပိုင်ရှင်မတွေ့ရင်တော့ ဘုရားကျောင်းကို လှူထားခဲ့မယ်... ” လို့ ဖြေပါလေရော။ နေခယ်ပေါရဲ့ အဖြေကို ကြားတဲ့ဦးဟန်ကြည့်မှာ ကောက်ရတဲ့ပစ္စည်းတွေအပေါ်ထားတဲ့ ကိုယ့်လူမျိုးတွေရဲ့ သဘောထားကို ထင်းထင်းကြီးပေါ်နေတဲ့ “ ရေအဆုံး ကုန်းတ၀က် ” ဆိုတာကြီးကို သတိရသွားပြီး ရှက်လိုက်တာမှ လွန်ပါရော။ မရှက်တမ်း ၀န်ခံရရင် ဦးဟန်ကြည်တို့လို အသိပညာ အတတ်ပညာ အထိုက်အလျောက် ပြည့်စုံပါတယ်ဆိုတဲ့ လူတွေတောင်မှ လူမသိသူမသိ ကောက်ရရင် အိပ်ထဲထည့်ပစ်လိုက်တာက ခပ်များများ။
ဟော...သူရို့ချင်းတွေမှာကျတော့ အနှီလို မဟုတ်ဘဲကိုး။ အသက်အရွယ်ရပြီးသား လူကြီးတွေက သူများကျကျန်ခဲ့တဲ့ ပစ္စည်းကို မကောက်ဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပေမင့် အသိပညာ မပြည့်စုံသေးတဲ့ ကလေးပေါက်စကတောင်မှ ကိုယ့်ပစ္စည်းမဟုတ်ရင် မယူဘူးဆိုတာ တကယ့်အံ့တစ်ပါး။ ငွေပေါပါတယ်ဆိုတဲ့ ဗမာပြည်မကြီးက မြို့ကြီးပြကြီးမှာတောင် ပစ္စည်းတစ်ခု ပိုက်ဆံတစ်ရွက် ကျကျန်ခဲ့ရင် ပြန်ရဖို့ဆိုတာ ဖြစ်တန်စွမ်း အတော့်ကို နည်းပေမင့် တစ်နေကုန် တစ်နေခမ်း တောင်ယာအလုပ်ကို တပင်တပန်းလုပ်ရသလောက် ငွေကြေးရှားပါးတဲ့ ချင်းတောင်တန်းက တောသားကလေးတွေကတောင် ထင်မှတ်မထားတဲ့ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံနေတာ အံ့လည်းအံ့သြ၊ ယဉ်ကျေးလှပါတယ်ဆိုတဲ့ ဦးဟန်ကြည်အပါအ၀င် မြို့သားလူရည်မွန်တွေအကြောင်းတွေးမိပြီး ရှက်ကလည်းရှက်၊ သည်လောက် စာရိတ္တကောင်းတဲ့ နယ်မြေမှာ ဖွံ့ဖြိုးရေးလာလုပ်မိတာ မှန်လိုက်လေခြင်း၊ တန်လိုက်လေခြင်းဆိုတဲ့အတွေးနဲ့ ပီတိတွေလည်းဖြစ်၊ တဒင်္ဂအခိုက်အတန့်ကလေးမှာ ခံစားချက်ပေါင်းများစွာနဲ့ ဘာပြောရမှန်းမသိအောင်ကို ဖြစ်လို့။
ရွာခံသင်းထောက်ဆရာကို အနှီပိုက်ဆံအကြောင်း နောက်တစ်ရက်မှာ စကားစကြည့်တော့ “ ဟုတ်တယ်ဆရာ...ပိုင်ရှင်မတွေ့လို့ ရံပုံငွေထဲ ထည့်လိုက်တယ် ” လို့ အဖြေပေးပြီး စာရင်းစာအုပ် လှန်ပြတော့ ပိုင်ရှင်မဲ့အလှူငွေ တစ်ထောင်ကျပ်ဆိုတဲ့ စာရင်းကလေးက နေ့စွဲနဲ့တကွ အတိအကျ။
ဦးဟန်ကြည် ပါမိုင်းမှာ အခြေစိုက်နေတဲ့ တစ်လတာအတွင်းမှာ အားဆေးပုလင်းတစ်လုံး လမ်းမှာ ကောက်ရလာရင်လည်း “ ဒီဆေးပုလင်းက ဆရာ့ဆေးပုလင်းလားဆရာ ” လို့ လာလာမေးကြတာ သူရို့ထုံးစံ။ ဒါတင်ဘယ်ကလိမ့်တုန်း။ ဦးဟန်ကြည်တို့ စခိုင်းလမ်းအတိုင်း အတော်ဝေးဝေး လမ်းလျှောက်တုန်းက လမ်းဘေးမှာ သည်အတိုင်းရပ်ထားတာ တွေ့ခဲ့ရတဲ့ ဆိုင်ကယ်တစ်စီးကလည်း နောက်ထပ် လေးငါးရက်ကြာလို့ သည်လမ်းကို ထပ်ရောက်တဲ့ အချိန်အထိ ဘယ်သူကမှ လက်ဖျားနဲ့ မတို့မထိဘဲ သည်အတိုင်း။ မြို့ကိုပို့ပြီး ရောင်းဖို့အတွက် တောထဲကနေ တပင်တပန်းသယ်လာပြီး လမ်းဘေးမှာ ပုံထားကြတဲ့ ထင်းတွေကလည်း သူ့ပိုင်ရှင်လာမယူမချင်း တစ်လကိုးသီတင်း သည်အတိုင်း။
Civilized ဖြစ်လှပါတယ် လူယဉ်ကျေးတွေ စာတတ်ပုဂ္ဂိုလ်တွေပေါလှပါတယ်၊ ဘာသာရေး တရားပွဲတွေ ခြိမ့်ခြိမ့်သည်း စည်ကားလှပါတယ်၊ အလှူရေစက် လက်နဲ့မကွာအောင် လှူကြတန်းကြပါတယ်ဆိုတဲ့ မြို့ပြတွေမှာ ညရေးညတာ သူခိုးကပ်မှာပူရ၊ ဟိုနားသည်နား ခရီးသွားရင် ဓားပြတိုက်ခံရမှာကြောက်ရနဲ့ စိတ်လုံခြုံမှု အပြည့်အ၀မရခဲ့တဲ့ ဦးဟန်ကြည်တို့မှာ ယဉ်ကျေးမှုမဖွံ့ဖြိုးဘူး၊ လူနေမှုအဆင့်အတန်း နိမ့်ကျတယ်၊ ဆင်းရဲနုံချာတယ်၊ ပညာတတ်နည်းတယ်လို့ မြို့ကြီးသားများ သတ်မှတ်ထားကြတဲ့ ချင်းပြည်နယ်က တောကြိုအုံကြားမှာ ပစ္စည်းအတွက်လည်း မပူရ၊ အသက်အတွက်လည်း မကြောင့်ကြရဘဲ စိတ်ရောကိုယ်ပါ ချမ်းသာလိုက်သမှ တကယ့်သုခဘုံကို ရောက်နေသလိုမျိုး။
ဦးဟန်ကြည်နဲ့ ရွာခံမရမ်တွေ စကားစပ်မိကြတိုင်းမှာ “ ကျွန်တော်တို့ရွာက ဆင်းရဲပါတယ်ဆရာရယ်...ဘာမှလည်းမရှိဘူး...သည်လိုဒေသမျိုးမှာ ဆရာတို့ လာနေပြီး လုပ်ကိုင်ပေးနေတာ အားနာပါတယ်... ” လို့ သူရို့ပါးစပ်ကထွက်တိုင်း ဦးဟန်ကြည်က -
“ ခင်ဗျားတို့ မရမ်ရွာတွေက မဆင်းရဲကြပါဘူးဗျာ...သည်ကနေ့ခေတ်မှာ အရှားပါးဆုံး၊ အဖိုးအတန်ဆုံးဖြစ်တဲ့ ကိုယ်ကျင့်တရားနဲ့ လူမှန်းသိကတည်းက ပြည့်စုံနေကြတဲ့ ခင်ဗျားတို့ဒေသဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးဒေသပါ... ”
- လို့ လှိုက်လှိုက်လှဲလှဲ ပြန်ပြောဖြစ်ပါရဲ့။
တကယ်တမ်းပြောရမယ်ဆိုရင်လည်း ရိုးသားခြင်းရတနာဆိုတာ အဖိုးအနဂ္ဃထိုက်တယ် မဟုတ်လား... ။ သည်တော့ ရိုးသားခြင်းတွေနဲ့ ထုံမွှမ်းထားတဲ့ ချင်းတို့နယ်မြေဆိုတာလည်း လူမှုတန်ဖိုး အမြင့်မားဆုံးကို ပိုင်ဆိုင်ထားကြတဲ့ နယ်မြေတစ်ခုပဲပေါ့လေ . . . ။ ။
( ဟန်ကြည် )
၂၂.၅.၂၀၁၅ ( သောကြာနေ့ )

ဘိုးဘေးတွေ အကြောင်းပြောပြနေတဲ့ ချင်းတောင် တန်းတွေပေါ်က ကျောက်စာတိုင်တွေ

ကွေ့ကောက်မတ်စောက်တဲ့ ချင်းတောင်တန်းလမ်းဘေးတစ်လျှောက်မှာ စိုက်ထူထားတဲ့
ကျောက်တိုင်လေးတွေဟာ ချင်းတိုင်းရင်းသားဘိုးဘေးတွေရဲ့ ဘ၀ဖြတ်သန်းမှုတွေကို
အသေးစိတ်ဖော်ပြထားပါတယ်။

ရှုပ်ထွေးဆန်းပြားတဲ့ ရိုးရာယုံကြည်မှုတွေနဲ့ အမြဲအေးတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့
မြန်မာနိုင်ငံအနောက် မြောက်ပိုင်း ချင်းတောင်တန်းတွေက သူ့ဧည့်သည်တွေကို ဆွဲဆောင်
ထားတဲ့အချက်ထဲမှာ လမ်းဘေးက စီရရီ ကျောက်တိုင်ငယ်တွေလည်း ထိပ်ဆုံးက ပါဝင်လို
့နေပါတယ်။ "ကျွန်တော်တို့ရဲ့ဘိုးဘေး ချင်းစော်ဘွားတွေက သူတို့ ဘယ်လိုခမ်းနားစွာ
နေထိုင်ခဲ့ကြတယ်ဆိုတာကို မှတ်တမ်းတင် တဲ့အနေနဲ့ ဆွေမျိုးမြေးမြစ်တွေက သူတို့ကွယ်လွန်
ချိန်မှာ ကျောက်စာထွင်းပြီး စိုက်ထူကြတယ်"လို့ ကျောက်ပြားပေါ်က ထွင်းလက်စစာသားတွေကို
ခဏကြည့်ပြီး ဆလိုင်းကျဲအိုအန်းက မြန်မာလို ခပ်လေးလေးပြောပါတယ်။
တချို့မျိုးရိုးမြင့်မားပြီး ပိုင်ဆိုင်မှုများပြားတဲ့ ချင်းတိုင်းရင်းသားကြီးတွေရဲ့ ကျောက်စာတိုင်တွေမှာတော့
သူတို့ သတ်ခဲ့တဲ့ ၀က်၊ ကျွဲ၊ နွားနောက်နဲ့ ကျင်းပခဲ့တဲ့ပွဲတော်အရေအတွက်တွေကို ခပ်များများရေး
ထားတာမို့ ပိုကြီးတဲ့ အရွယ်အစားကျောက်တိုင်တွေ ဖြစ်နေတတ်ပါတယ်။ ချင်းတိုင်းရင်းသား
လူမျိုးစုကလည်း ၁၅၃ မျိုးတောင် ရှိတာမို့ ကျောက်စာတိုင်တွေမှာ ထွင်းထုထားတဲ့ စာသားတွေ
ကလည်း အမျိုးစုံလှတဲ့ ချင်းဘာသာစကားတွေ ဖြစ်လို့နေပါတယ်။
"အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ချင်းတိုင်းရင်းသားတွေ ဘယ်လိုရှင်သန်နေထိုင်ခဲ့
ကြတယ်ဆိုတဲ့ မှတ်တမ်းတွေကို နောက်လူတွေအတွက် လက်ဆင့်ကမ်းတဲ့သဘောပေါ့"လို
့ ချင်းတိုင်းရင်းသားတွေ ကျောက်တိုင်တွေ စိုက်ထူရတဲ့ ရည်ရွယ်ချက်ကို ဆလိုင်းကျဲအိုအန်းက
ရှင်းပြပါတယ်။ ဒီလိုရှင်းပြနိုင်တာကလည်း ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ထန်ထလန်
စတဲ့မြို့တွေအပြင် ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ မတူပီမြို့တွေအထိ လမ်းဘေးတစ်လျှောက်
စိုက်ထူထားတဲ့ ကျောက်တိုင်တွေကို တစ်ဦးတည်းထွင်းထုသူက ဆလိုင်းကျဲအိုအန်း ဖြစ်နေလို့ပါပဲ။
ဆလိုင်းကျဲအိုအန်းဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တက္ကသိုလ်ဝန်ထမ်း စာမေးပွဲဖြေဆိုအောင်မြင်ပြီး
မန္တလေးမြို့မှာ ပန်းချီပန်းပုကျောင်းတက်ရောက်ကာ ဇာတိ ချင်းပြည်နယ်၊ ဟားခါးမြို့ကို ပန်းချီအနုပညာရှင်တစ်ယောက် ဖြစ်ချင်တဲ့စိတ်နဲ့ ပြန်လာခဲ့ပါတယ်။
"ဒါပေမဲ့ ကျွန်တော် ဒီပြန်ရောက်ပြီး ပန်းချီရေးမယ့်အစား ကိုယ့်ရိုးရာဓလေ့ဖြစ်တဲ့ ဘိုးဘေးတွေ
အတွက် ကျောက်စာတွေ ထွင်းတဲ့နေရာမှာ အခက်အခဲရှိနေတာတွေ့တော့ စီးပွားရေးလို့မသတ်
မှတ်ဘဲ ကိုယ့်ဓလေ့ကို ဆက်ထိန်းသိမ်းတဲ့ရည်ရွယ်ချက်နဲ့ ကျောက်စာတွေ ထွင်းပေးဖို့ ဆုံးဖြတ်
ချက်ချလိုက်ပါတယ်"လို့ ခုဆို အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ဆလိုင်းကျဲအိုအန်းက ပြောပြပါတယ်။
ကျောက်စာရေးဖို့ လာအပ်သူအများစုဟာ တစ်စုံတစ်ယောက် ကွယ်လွန်ချိန်နဲ့ ကွယ်လွန်ပြီးသား
လူတွေကို အမှတ်တရ စိုက်ထူပေးချင်တဲ့ အချိန်တွေမှာပဲ အများဆုံးလာကြတာမို့ ချင်းပြည်နယ်မှာ
ဒီလို ကျောက်စာထွင်းဖို့ စိတ်ဝင်စားသူဟာ သူတစ်ယောက်ပဲ ရှိလိမ့်မယ်လို့လည်း ရယ်မောရင်း
ပြောပါတယ်။ "တစ်နေ့၊ ဒါမှမဟုတ် တစ်လကို ကျောက်စာ ဘယ်လောက်ထွင်းရတယ်ဆိုတာ
လူတွေသေတဲ့နှုန်းပေါ် အများဆုံး မူတည်တော့ ကျွန်တော် မခန့်မှန်းနိုင်ဘူး"လို့လည်း ကျောက်
ထွင်းဆရာက ပြောပါတယ်။
ချင်းပြည်နယ်ရဲ့ မြို့ရွာတွေမှာ ဗုဒ္ဓဘာသာ၊ ရိုမန်ကက်သလစ်၊ နှစ်ခြင်းခရစ်ယာန်နဲ့ အစ္စလာမ်
ဘာသာဝင်တွေအတွက် မြေမြှုပ်နှံရာသင်္ချိုင်းတွေ သီးသန့်ရှိသလို ထွင်းထားတဲ့ ကျောက်စာ
တိုင်တွေဟာ အုတ်ဂူတွေပေါ်မှာ စိုက်ထူဖို့ သက်သက်မဟုတ်ပါဘူး။ ကျန်ရစ်တဲ့မိသားစုတွေက
ကျောက်စာတိုင်လေးတွေပြုလုပ်လို့ ကွယ်လွန်သူကြိုက်နှစ်သက် တဲ့ နေရာလေးတွေမှာ
အမှတ်တရ စိုက်ထူပေးကြတာဖြစ်ပါတယ်။ "ချင်းတောင်ကနေ နိုင်ငံခြားထွက်သွားပြီး တစ်နယ်
တစ်ကျေးမှာ သေဆုံးသွားတဲ့ ဆွေမျိုးတွေအတွက်တော့ ဒီကျောက်စာတိုင်တွေကို သူတို့အသွား
များတဲ့ နေရာတွေမှာ စိုက်ကြတယ်"လို့ ဆလိုင်းကျဲအိုအန်းက ပြောပြပါတယ်။
ကျောက်စာတိုင်တွေ ထွင်းထုရာမှာ အသုံးပြုတဲ့ ကျောက်ပြားတွေကို ချင်းပြည်နယ် တောင်စောင်း
တစ်လျှောက်မှာ လိုက်တူးခဲ့ကြရပေမယ့် သယ်ယူဖို့ အခက်အခဲတွေ ရှိနေတာမို့ ခုနောက်ပိုင်းမှာ
ကိုယ်တိုင်ကျောက်ပြား တီထွင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘိလပ်မြေ၊ ကျောက်အပိုင်းအစ
တို့နဲ့ ကိုယ်တိုင်ပြုလုပ်တဲ့ ကျောက်စာတိုင်တစ်ခုရဖို့ တစ်ရက်နဲ့တစ်ည၊ အချိန်ယူရပြီး
သဘာဝကျောက်ပြားတွေကို ထွင်းထုရာမှာတော့ ပိုမာကျောတဲ့အတွက် အချိန်ပိုယူရပါတယ်။
"ကျောက်ပြားနှစ်ခုစလုံးကတော့ နှစ် ၅၀ လောက် သဘာဝဒဏ်ခံနိုင်မယ်လို့ ထင်တယ်။
သဘာဝကျောက်ပြား တွေကတော့ ပိုမာတော့ ပိုခံနိုင်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က လူငှားနဲ့
သွားတူးခတွေရှိတော့ ပိုဈေးကြီးတယ်"လို့ ဆလိုင်းကျဲအိုအန်းက ပြောပါတယ်။ နှစ်ပေနဲ့
တစ်ပေခွဲပတ်လည် စာထွင်းပြီးသား သဘာဝကျောက်ပြားတစ်ပြားကို ကျပ်တစ်သိန်းဝန်းကျင်
ဈေးရှိပြီး ဘိလပ်မြေနဲ့ လုပ်ထားတဲ့ ကျောက်ပြားဆိုရင်တော့ ကျပ်ငါးသောင်းဝန်းကျင် ဈေးပေါက်
ပါတယ်။ အခု နောက်ဆုံးပေါ်အနေနဲ့ မန္တလေးမြို့က လှမ်းမှာယူပြီးပြုလုပ်တဲ့ စကျင်ကျောက်နဲ့
ကျောက်ပြားတွေပေါ်မှာလည်း စာထွင်းနေပါပြီ။
"စကျင်ကျောက်တွေက ပိုလှ၊ ပိုတောက်ပပြီး ပိုမာတယ်။ ခုနောက်ပိုင်း လူချမ်းသာတွေကတော့
စကျင်ကျောက် ကို အမှာများတယ်။ ဈေးကတော့ သဘာဝကျောက်ပြားနဲ့ အတူတူလောက်ပဲ
ကျတယ်"လို့ သူက ရှင်းပြပါတယ်။ ကျောက်ထွင်းရတဲ့အလုပ်က အချိန်ယူရတာမို့ အစောပိုင်းမှာ
ဆေးနဲ့ရေးကြည့်ပေမယ့် ကျောက်သားထဲ ဆေးဝင်ဖို့ ခက်တာကြောင့် အချိန်တိုအတွင်း
ဆေးပျက်ပါတယ်။ "ဒါကြောင့် အရင်ဆုံး ခပ်နက်နက် စာထွင်းပြီးမှ ဆေးထည့်တယ်။ ဒီမှာ
လူကြိုက်အများဆုံးကတော့ အပြာ ရောင်ပဲ။ အေးချမ်းတယ်လေ"လို့ သူက ပြောပါတယ်။
အမှတ်တရ ကျောက်စာတိုင်တွေ ထူတဲ့ဓလေ့က တခြားတိုင်းရင်းသားတွေနဲ့ မတူကွဲပြားတာမို့
အခုနောက်ပိုင်းမှာတော့ ရိုးရာဓလေ့ ပြန်ဖော်ထုတ်တဲ့အနေနဲ့ ချင်းပြည်နယ်ရဲ့ ပွဲတော်တွေမှာ ပွဲတော်အကြောင်း ရေးထွင်းထားတဲ့ ကျောက်ပြားတွေလည်း စိုက်ထူလာကြပါတယ်။ ကျောက်စာထွင်းသူတစ်ယောက်အနေနဲ့ နေ့စဉ် ကျောက်ပြားတွေကြား
ပင်ပင်ပန်းပန်းအချိန်ကုန်ရပေမယ့် ကိုယ့်ရိုးရာဓလေ့ကို ထိန်းနိုင်တဲ့ လူတစ်ယောက်အဖြစ်
ဂုဏ်ယူစိတ်နဲ့ ပီတိဖြစ်တယ်လို့ ဆလိုင်းကျဲအိုအန်းက ပြောပါတယ်။
ကျောက်စာတိုင်တွေထူရာမှာ ကျောက်ပြားပုံစံတွေ ထပ်ဆန်းသစ်ဖို့အတွက်လည်း သူ
ကြိုးစားနေပါတယ်။ "ဒီကျောက်ပြားတွေက ချင်းတိုင်းရင်းသားတွေ ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတဲ့
မှတ်တမ်းတွေဖြစ်တဲ့အတွက် တစ်နေ့ မှာ ချင်းပြည်နယ်သမိုင်းအဖြစ် ကျွန်တော့်လက်နဲ့ လုပ်ထားတဲ့ ကျောက်ပြားတွေရှိနေမှာကို တွေးရင် ကျေနပ်ပီတိဖြစ်တယ်"လို့လည်း ဆိုပါတယ်။
ခုချိန်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးအဆင်မပြေမှုတွေကြောင့် အလုပ်လုပ်ဖို့၊ အခြေချဖို့၊
ပညာသင်ဖို့ စတဲ့ အကြောင်းများစွာနဲ့ ပြည်ပကို ထွက်ခွာသွားတဲ့ ချင်းတိုင်းရင်းသားတွေ
များစွာရှိနေပေမယ့် ချင်းတောင်တန်းတွေတစ်လျှောက်မှာတော့ ချင်းတိုင်းရင်းသားတစ်ယောက်
ချင်းစီရဲ့ ဘ၀မှတ်တမ်းတွေက ကျောက်စာတိုင်တွေအဖြစ် ဆက်လက်ကျန်ရစ် ရပ်တည်နေဦးမှာ
ဖြစ်ပါတယ်။

ရိုးရာ ခွာဒို ပွဲတော်

၁၄ ရာစုကနေစပြီး ကျင်းပလာတယ်ဆိုတဲ့ ခွာဒိုပွဲတော်ခေါ် နှစ်သစ်ကူးပွဲတော်ကို တောင်ယာကောက် ပဲသီးနှံတွေ ထွက်ပြီးစ ကောက်သစ် စားချိန်မှာ ကျင်းပလေ့ရှိပါတယ်။ ချင်းပြည်နယ်အတွင်း နေရာဒေသအလိုက် အစောဆုံး သီတင်းကျွတ်လ ဆန်း ၁၄ ရက်မှ သီတင်းကျွတ် လပြည့် ကျော် ၁ ရက်အတွင်း ကျင်းပဖို့ ချင်းရေးရာ ဦးစီးအဖွဲ့က ၁၉၆၄ ခုနှစ်မှာ သတ်မှတ်ပေးခဲ့ပြီး ချင်းပြည်နယ်မြောက်ပိုင်းမှာတော့ အဓိက ပွဲတော်အဖြစ် ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်တာဖြစ်ပါတယ်။ ချင်းတို့ရဲ့ အရေးပါဆုံးနဲ့ အမြင့်မြတ်ဆုံးပွဲတော်လို့လည်း ဆိုပါတယ်။ ခွာဒိုပွဲကို ရွာလုံးကျွတ်၊ မြို့ လုံးကျွတ်ဆင်နွှဲလေ့ရှိပြီး ကောက်သစ်စားပွဲနဲ့အတူ ပြု လုပ်တာဖြစ်သလို “ခွာ” ဆိုတာ “လူ့ဘုံဘဝ” ကိုဆိုလိုပြီး “ဒို” ကတော့ “ဧည့်ဝတ်ကျေပွန်ခြင်း” နဲ့ နောက်အဓိပ္ပာယ်က “တိုက်ခိုက်ချေမှုန်းခြင်း တိုက်ပွဲတွေ အောင်နိုင်ခြင်း” လို့ အဓိပ္ပာယ် ဖွင့်နိုင်ပါတယ်။


အစဉ်အလာအရ ကျင်းပမြဲဖြစ်တဲ့ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်လုံးကျွတ်မှာ ချင်းရိုးရာ ခွာဒိုပွဲတော်ကို သီတင်းကျွတ် လပြည့်ကျော် ၁ ရက်က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ကွယ်လွန်ပြီးသော မိဘဘိုးဘွားများကို ကန်တော့ခြင်း၊ နှစ်ဟောင်းက မကောင်းဆိုးရွားများ၊ နတ်ဆိုးများကို ဝေးရာနှင်ထုတ်ခြင်းနဲ့အတူ လူသစ် စိတ်သစ်နဲ့ အလုပ်အကိုင်သစ်များ၊ တောင်ယာအသစ်များ ဖော်ထုတ်လုပ်ကိုင်နိုင်ဖို့ ချင်းနှစ်သစ် ကူးပွဲတော်ကိုပါ တစ်ပါတည်းကျင်းပတာ ဖြစ်ပါတယ်။ ဒီပွဲတော် ကျင်းပတဲ့လမှာ ပျားမဖွတ်ရ၊ တောမီးမရှို့ရ၊ ပွဲတော်ကျင်းပစဉ် အဝေးခရီးမသွားရစတဲ့ စည်းကမ်း လိုက်နာရပြီး ပွဲတော်အတွက် ကြိုတင်ရှာဖွေထားသော ပျားအုံကြီးတစ်အုံကိုလည်း တောထဲမှာ အမှတ်အသားနဲ့ ထိန်းသိမ်းထားရတာပါ။
 ပွဲကျင်းပမယ့်ညနေမှ ရပ်မိရပ်ဖတွေက တောထဲက ပျားအုံကို သယ်လာရပါတယ်။ ပွဲတော်ကို ညမှောင်ရီ ပျိုးချိန်မှာစတင်ပြီး ပျားအုံကို ပွဲကျင်းပရာခန်းမဆီ သယ်ဆာင်လာတာပါ။

သယ်ဆောင်မှုကို သတ်မှတ်ထားတဲ့ မြို့လယ်ပန်းခြံကနေ
ရှေးယခင်က တီးတိန်နယ်မြေကို အပိုင်စားရတဲ့ စော်ဘွား
အမည် မှည့်ခေါ်ထားတဲ့ ကမ်းဟောက်ခန်းမဆီကိုရပ်မိ
ရပ်ဖတွေက ပျားအုံကိုသယ်ဆောင်ပြီး တူမီးသေနတ် ကိုယ်စီနဲ့
ဒေသခံမုဆိုးတွေက အစောင့်အရှာက်အဖြစ် လိုက်ပါကြပါတယ်။
ပျားအုံကို တောထဲကရတဲ့အတိုင်း ယူလာတာဖြစ်ပြီး မြို့သူ
မြို့သားတွေကလည်း ထင်းရှုးဆီမီးတိုင်များနဲ့ လူပေါင်း တစ်ရာ
နီးပါး ရိုးရာဝတ်စုံတွေနဲ့အတူ လိုက်ပါ သယ်ဆောင်တာမို့ စည်ကားလှပါတယ်။
ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၅,၆၆၇ ကမြို့မို့ အေးစိမ့်နေတဲ့ ရာသီဥတုထဲ ခေါင်ရည်တွေကိုယ်စီ သောက်ရင်း ပျော်စရာအတီး အမှုတ်တွေနဲ့ ကခုန်ရင်း လိုက်ပါသူတချို့လည်းရှိပါရဲ့။ ရှေးတုန်းက နတ်ကိုးကွယ်မှု အသားကျခဲ့ရတာမို့ အခုချိန်မှာ ခရစ်ယာန်ဘာသာဝင်အများစု ဖြစ်နေတယ် ဆိုပေမယ့် ဒီပွဲကို ရိုးရာနတ်ဆရာတွေ ကျင်းပပြုလုပ်ပုံအတိုင်း ဆောင်ရွက်တာပါ။

ပျားအုံယူလာရတဲ့ အဓိပ္ပာယ်ကတော့ ယခုနှစ်မှာ ရလာတဲ့ပျားအုံကို သက်ဆိုင်ရာ ရိုးရာလူကြီးက ကြည့်ရှုပြီး နောင်နှစ်အတွက် ကြိုတင်ဟောကိန်းထုတ်ဖို့ ဖြစ်ပါတယ်။ ပျားအုံ အရောင်အဆင်းလှရင် ကောက်ပဲသီးနှံ ကြွယ်ဝမယ်၊ ရာသီဥတုကောင်းမယ်၊ အုပ်စိုးသူတို့ သနားကြင်နာမယ် စသည်ဖြင့် နိမိတ်ဖတ်ကာ မည်းညစ် ပြီးမလှတဲ့ ပျားအုံ ရတဲ့နှစ်ကတော့ ရာသီဥတုဖောက်ပြန်ပြီး သီးနှံများပျက်စီးတတ်သလို နတ်ဆိုးမင်းဆိုး တွေနဲ့ကြုံရတတ်တယ်လို့ အယူကောက်ပြီး အဆိုးဘက်ကနေ နိမိတ်ဖတ်ပါသတဲ့။ ဒီနှစ်မှာတော့ အလှဆုံးမဟုတ်ပေမယ့် အတော် အသင့်လှပတဲ့ပျားအုံမို့ အခြေအနေကောင်းမယ်လို့ ယူဆကြပါတယ်။
နိမိတ်ဖတ်ပြီးတဲ့အခါ ချင်းရိုးရာခေါင်ရည်များ ဒေသအစားအစာများနဲ့ ဧည့်ခံပြီး မျိုးနွယ်စုအလိုက် ရိုးရာအဆိုအကတွေနဲ့ ဖျော်ဖြေတဲ့
ပျော်စရာနှစ်သစ်ကူးပွဲ စတင်ပါပြီ။
(၂)
မင်္ဂလာနှစ်သစ်ကိုကြိုတဲ့ ပွဲတော်ဖြစ်ပြီး တူမီးသေနတ် မိုးပေါ်ထောင်ဖောက်ကာ ချင်းရိုးရာစုပေါင်းအကနဲ့ စတင်ဖျော်ဖြေပြီး
ကျေးရွာတွေ၊ မျိုးနွယ်စုတွေအလိုက် အကအဖွဲ့တွေ၊
သီချင်းတွေနဲ့ တင်ဆက်လေ့ရှိတာမို့ ပွဲတက်ရုံနဲ့ ချင်းရိုးရာ
ဓလေ့တွေကို တီးခေါက်မိမှာပါ။ မျိုးနွယ်စုအလိုက် ဝတ်စား
ဆင်ယင်မှုကိုလည်းတွေ့မြင် မှတ်တမ်းတင်နိုင်ပြီး တီးတိန်မြို့နယ်
အတွင်းက ချင်းမျိုးနွယ်ကွဲတွေဖြစ်ကြတဲ့ ဆီးယင်း၊ ဆိုင်းဇံ၊
တေဇန်၊ ဇို၊ ဒိမ်၊ ဗန်းတဲ့၊ ဟွာလ်ငို၊ ခေါနိုး၊ တဲဒိမ် မျိုးနွယ်စုတွေ တက်ရောက်တဲ့ ပွဲတော်တစ်ခုပါ။ မျိုးနွယ် စုတွေရဲ့ အဆိုအကတွေလည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့မတူညီသလို ပြောဆိုတဲ့ ဘာသာစကားအရလည်း မတူကွဲပြား မှုအနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။

ဒီပွဲတော်ကို စတင်ကျင်းပတဲ့ ကာလတုန်းက ကျေးရွာအချင်းချင်း၊ မျိုးနွယ်စုအချင်းချင်း တိုက်ခိုက်အောင် မြင်မှုတွေကို ခွာဒိုပွဲလုပ်ပြီး ဂုဏ်ပြုတတ်လို့ ယနေ့အချိန်မှာတော့ ပညာရေးထူးချွန်သူတွေ၊ ပြည်နယ်အဆင့် ဆိုကရေးတီးဆုရသူတွေ၊ ပြည်နယ်အဆင့် အားကစားလက်ရွေးစင်တွေစတဲ့ မြို့နယ်ဂုဏ်ဆောင်တဲ့သူများကို ဆုတွေ ချီးမြှင့်ကြပါတယ်။

ယခင်က မျိုးနွယ်စုနတ်ဆရာတွေနဲ့ ကျင်းပခဲ့ပေမယ့် အခုတော့ နတ်ကိုးကွယ် မှုပပျောက်သလောက် နည်းသွားပြီဖြစ်လို့ ရိုးရာထိန်းသိမ်းတဲ့အနေနဲ့ပဲ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ချင်းလူမျိုးအကြီးအကဲတွေနဲ့ ရပ်မိရပ်ဖတွေ မြို့သူမြို့ သားတွေအားလုံးပါဝင်တဲ့ ခွာဒိုပွဲတော်ခေါ် နှစ်သစ်ကူးပွဲတော်ဟာ ချင်းပြည်နယ်ရဲ့ အထင်ရှားဆုံးပွဲတော်ဖြစ်ပြီး မြန်မာ့ ခရီးသွားလုပ်ငန်းအတွက် ထပ်မံအသစ်ပြသနိုင်တဲ့ ရိုးရာပွဲတော်တစ်ခုလို့လည်း ယူဆမိပါရဲ့။ တီးတိန်ကနေ မိုင်သုံးဆယ်သာသာဝေးတဲ့ နာမည်ကျော်ရိဒ်ရေ ကန်ဆီကိုလည်း ခရီးသွားစရာနေရာအဖြစ် ကျယ်ပြန့် စွာဖော်ထုတ်ဖို့ ကြိုးစားကြဖို့ တိုက်တွန်းရင်း အလည်ခရီးထွက်ရင်းကနေ ချင်းရိုးရာပွဲ တော်တစ်ခုကို ပါဝင်ဆင်နွှဲနိုင်ပါကြောင်း ပြည်ထောင်စုသား ညီအစ်ကိုများကို အသိပေးလိုက်ပါတယ်ဗျာ။